04 September 2017

ကာကွယ်ဆေးနဲ့ ဖြည့်စွက်စာ

    တလောက အမေရိကန်ရောက် ဆရာဝန်မကြီးတဦးရဲ့ ပို့စ်နဲ့ပတ်သက်ပြီး မြန်မာပြည်က ဆရာဝန်တွေ ပြန်ဆွေးနွေးကြတာ ဖတ်ရပါတယ်။ တိုက်ရိုက်မဟုတ်သော်လည်း ဆက်စပ်စဉ်းစားမိတာလေးတွေပါ။
.
၁၉၉၄ လောက်ကထင်တယ်။ ကုလသမဂ္ဂက သက္ကရာဇ်၂၀၀၀မှာ အားလုံးကျန်းမာဆိုပြီး ဆောင်ပုဒ်လုပ်တယ်။ အဲ့ဒီအချိန်က စစ်အစိုးရထုတ် သတင်းစာတွေမှာလည်း ထည့်ကြတာပေါ့။ အပြင်မှာတော့ လူတွေက ဟားကြတာပေါ့။ ၂၀၀၀ခုနှစ်ကျော်ရင် လူတွေ ရောဂါမဖြစ်တော့ဘူး။ ဆေးရုံဆေးခန်း ဆရာဝန်တွေ မလိုတော့ဘူးပေါ့။
.
နားမလည်တော့လည်း ဟားမိကြမှာပါဘဲ။ နားလည်သူတွေကို မေးကြည့်တော့မှ ကုလက ဦးစီးပြီး ကာကွယ်ဆေးတွေကို ကလေးတွေကိုထိုးမယ်။ ဒါကြောင့် အချိန်တခုရောက်ရင် ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါကြောင့် မသေစေရတော့ဘူးပေါ့။ ချမ်းသာတဲ့နိုင်ငံတွေက အရင်ကတည်းက ထိုးခဲ့ပြီးသားပါ။ အသိမရှိ၊ ရှိလည်းပိုက်ဆံမရှိတဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကုလက ပိုက်ဆံထုတ်ပေးတဲ့ ပရောဂျက်ကြီးပါ။
.
ခုထိ ငါးနှစ်အတွင်း ကာကွယ်ဆေးထိုးအပြီး လိုက်ဆော်သြနေရတုံးပါ။ ဇန်နဝါရီလောက်ထင်တယ်။ ဆေးထိုးဖို့ အိမ်တိုင်ယာရောက် လှုံ့ဆော်ပေးနေရတာပါ။ ဒီကာကွယ်ဆေးတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံများလို ဆေးပညာခေတ်မှီပြီးသားနိုင်ငံတွေက ထုတ်တာပါ။ ကာကွယ်ဆေးကြောင့် တသိန်းတသန်းမှာ ကလေး လေးငါးယောက် ပြဿနာဖြစ်ချင်ဖြစ်နိုင်မယ်။ ကျန်ကလေးအများစုကြီးအတွက် ကာကွယ်ဆေး မဖြစ်မနေ ထိုးကြရပါမယ်။
.
နောက်တခုက ဖြည့်စွက်ဆေး ဆေးအစားထိုးအစာမျိုးတွေပါ။ ခေတ်မှီနိုင်ငံကြီးများမှာ ခေတ်စားနေတာပေါ့။ သေချာပြန်တွေးကြည့်တော့ ဓာတုဆေးဝါးတွေ မပေါ်ခင်က ဒီအပင်စားရင် ဒီရောဂါပျောက်တယ်။ ဟိုအရွက်စားရင် ဟိုရောဂါပျောက်တယ် စတင် သတိထားမိလာမှာပါ။ နောက်ပိုင်းကျ အပင်တွေအရွက်တွေက လိုချင်သလောက် မရနိုင်တော့ဘူး။ ပညာရပ်တွေကလည်း တိုးတက်လာတော့ ဒီအပင်ဟိုအရွက်တွေထဲက ဘယ်ဓာတ်ကြောင့် ရောဂါပျောက်သလည်း သိလာကြပါတယ်။
.
ဒီတော့ လူအများကြီးကို ဆေးပေးနိုင်အောင် ဓာတုနည်းနဲ့ လိုတဲ့ဓာတ်ဘဲ ထုတ်ပါတော့တယ်။ ဓာတုဆေးဝါးဖြစ်တဲ့အတွက် အခြားတွဲပါလာတဲ့ ခွဲထုတ်လို့မရတဲ့ ဓာတုဓာတ်တွေက ဘေးထွက်ဆိုးကျိုး ဖြစ်လာတတ်ပါတယ်။ ဆေးကုမ္ပဏီကြီးတွေလည်း အဆင့်ဆင့်စမ်းသတ် အဆင့်ဆင့်အစစ်ဆေးခံပြီးမှ ဆေးထုတ်ခွင့် ရလာကြတာပါ။ ကောင်းကျိုးနဲ့ဆိုးကျိုး အချိုးချကြည့်ရတော့တာပေါ့။
.
သိတ်အဆင့်မြင့်လာတဲ့ အနောက်နိုင်ငံကသူတွေက တပတ်ပြန်လည်ပြီး ဓာတုဆေးကို မသုံးချင်တော့ပါဘူး။ သဘာဝက တိုက်ရိုက်ထုတ်တဲ့ အစာတွေကို ဆေးအဖြစ် ပြန်စားလာကြပါတယ်။ သစ်ဥသစ်ဖုတွေကနေ အားဆေးတွေထုတ်လာပါတယ်။ ရလာဒ်က ကောင်းနိုင်ပေမယ့် ဈေးကြီးတာ အသေအချာပါဘဲ။ မြန်မာပြည်မှ လိုက်တုသူတွေအနေနဲ့ ချမ်းသာသူတွေက အများစုပါ။ လူအများစုကြီးက ဓာတုဆေးဝါးတောင် လုံလောက်အောင် မသုံးနိုင်သေးပါဘူး။ ဒါကြောင့် သိတ်ခေတ်မမှီချင်ကြပါနဲ့လို့ တိုက်တွန်းပါရစေ။ 

No comments:

Post a Comment

Thank you.