04 January 2022

လွတ်လပ်ရေးနေ့တံဆိပ်ခေါင်း၊

 







၇၄ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထွက်ပါတယ်။ ထုံးစံအတိုင်း ပိုစတာပုံတွေနဲ့ ၂၀၀ ကျပ်တန် သုံးခေါင်းပါ။

.

ဒီတခါ ပိုဆိုးတာက နီးမှ တက်သုတ်ရိုက် ထုတ်လိုက်ရပုံပါ။ တံဆိပ်ခေါင်းထွက်ဖို့ နှစ်ရက်အလိုမှ သတင်းစာမှာ ကြေညာနိုင်ပါတယ်။ FDC ရိုက်ဖို့ အချိန်မရှိလို့ မထုတ်တော့တာဖြစ်နိုင်ပါတယ်။

.

ပုံတွေက အရင်နှစ်တွေကလိုဘဲ ပိုစတာပုံတွေ သုံးတာပါ။ ဒါပေမယ့် ဒီနှစ်ခေါင်းတွေကြည့်ရတာ အရင်နှစ်တွေကလို သေချာဒီဇိုင်းလုပ်ချိန်မရလို့ ရှိပြီးသားပုံပေါ် ဖိုတိုရှော့နဲ့ စာတွေတပ်လိုက်ပုံပါဘဲ။ သုံးလုံးတစုံလို့ပြောရအောင် ဒီဇိုင်းဆင်တူမှု တခုမျှ မရှိပါ။ သေချာစီစဥ်တာဆိုရင်တော့ လေးစားပြီလေ။ 




29 December 2021

ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်ကိုး၊

 


မနေ့ကတနေ့ထဲ ကမ္ဘာမှာ #ဝူနာ တသန်းနဲ့နှစ်သိန်း တိုးပါတယ်။ စံချိန်ပါဘဲ။ အမေရိကန်မှာ ၃သိန်း၊ ယူကေနဲ့ ပြင်သစ်မှာ တသိန်းကျော်စီ။ လွန်ခဲ့တဲ့ နှစ်နှစ်က ကိုဗစ်စဖြစ်ခဲ့တဲ့ တရုပ်ပြည်မှာ ယခုအထိမှ စုစုပေါင်း ဝူနာတသိန်းကျော်ဘဲ ရှိသေး။ သို့သော်လည်း သူတို့လည်း တနေ့နှစ်ရာခန့် သုံးရက်ဆက် အသစ်တွေ့လို့ ပြာနေကြပြီ။

.



ကံကောင်းတာရယ်၊ ကာကွယ်ဆေးကောင်းတာရယ်၊ ဂရုစိုက်ပြီးနေသူတွေ ရှိလာလို့ရယ်ဖြစ်မယ်။ ဝူကြောင့်သေနှုန်းက အရမ်းတက်မလာဘူး။ မနေ့က ဝူတသန်းကျော်တိုးတဲ့နေ့မှာ သေဆုံးသူ ၆၄၀၃ဘဲ ရှိပါတယ်။ ကမ္ဘာမှာ ဝူအရမ်းများလာတာ မျိုးစိတ်သစ် အိုိမိုင်ခရွန်ကြောင့် ဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားသူတွေကို အပြင်းအထန် မခံစားစေတာ၊ မသေစေတာလည်း ပါပါလိမ့်မယ်။ 

.

ရွှေပြည်မှာတော့ မနေ့က အိုမိုင်ခရွန်ဝူနာ လေးဦးတွေ့ပြီလို့ တရားဝင်ကြေညာပါပြီ။ မစစ်နိုင်လို့ မသိတာ ဘယ်လောက်ရှိနိုင်မယ် မသိ။ အခုကေ့စ်မှာတောင် ပြည်ပမှပြန်လာသူတွေကို စစ်တယ်။ အဖြေမသိသေးခင် ရောဂါလက္ခဏာမပြလို့ Qကနေ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်ပြီး တပတ်ကျော်မှ စစ်တဲ့အဖြေက အိုမိုင်ခရွန် ရှိတယ်လို့ သိရတာပါ။ မနေ့ကသိတော့ ကမန်းကတန်း အဲဒီလေးဦးနဲ့ ထိတွေ့သူတွေ လိုက်စစ်နေလောက်ပြီ။ အဲ့ဒီအဖြေကလည်း နောက်နှစ်ပတ်လောက်နေမှ သိရမယ့်သဘောဘဲ။ ပြန့်စရာရှိရင် အတော့ကို ပြန့်နေလောက်ပြီ၊ အိုမိုင်ခရွန်က အပြန့်မြန်ဆိုသကိုး။

.

ဒီတော့ အခွင့်ရသူတွေက ကာကွယ်ဆေး ထိုးကြပါ။ ပထမနှစ်ကြိမ်ထိုးပြီးတာ လေးငါးလကြာသူတွေက ဘူစတာရှော့တကြိမ် ထပ်ထိုးကြပါ။ ကျန်တာက နယူးနော်မယ်အတိုင်း ပြန်သတိနဲ့ နေထိုင်သွားလာကြပါ။ ကမ္ဘာမှာလည်း တားမြစ်ကန့်သတ်ချက်တွေ ပြန်လုပ်လာနေကြပါပြီ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

11 December 2021

ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်တစ်၊



#ဝူနာ တနေ့ကို ခြောက်သိန်းခန့် တိုးနေတုံးပါ။ ထိပ်ဆုံး သုံးနိုင်ငံ ယူအက်စ် ယူကေနဲ့ ဂျာမဏီကတွင် နှစ်သိန်းခွဲလောက် တိုးတာ။ အရင်က လူများလို့ ဝူများတဲ့ အန္ဒိယနဲ့ ဘရာဇီး ထိပ်ဆုံးထဲမပါတော့။ ထိပ်ဆုံးထဲ မျိုးစိတ်သစ် အိုမိုင်ခရွန်ကြောင့် တောင်အာဖရိက ပါလာပြီး ဗီယက်နမ်ကလည်း တသောင်းအထက်ကို လချီနေပြီ။

.



အနီကွက်ထဲက ဂရဖ်ကိုကြည့်ရင် ကမ္ဘာ့ဝူနာစာရင်း ပြန်ထောင်တက်လာတာကို တွေ့ရမယ်။ ဂရဖ်အောက်ခြမ်းက သေဆုံးသူစာရင်းက လိုက်မတက်တာ တော်သေးတယ်။ ကာကွယ်ဆေးကြောင့်ပါသလို ကုသနည်းတွေလည်း သိလာလို့ပါမှာပေါ့။

.

အိုမိုင်ခရွန်ကြောင့် ပြင်းထန်စွာ ခံစားရသူ အများကြီးရှိဟန်မတူပါ။ သို့သော် အိုမိုင်ခရွန်က အရင်မျိုးစိတ်တွေလောက် ဒုက္ခပေးနိုင်တာ သတိပြုကြပါ။ ကူးတာမြန်လို့ ဝူနာများရင် ဆေးရုံတွေပြည့်မယ်၊ လူတွေအလုပ်ရှုပ်မယ်၊ ငွေတွေကုန်ကြမယ်။ ဒီတော့ ပျော့ပျော့ပြင်းပြင်း ကူးစက်မခံရဖို့ အရေးကြီးတုံးပါ။

.

ဘယ်သူက အကူးခံချင်မလည်း မပြောပါနဲ့။ အကူးမခံချင်ရင် နယူးနော်မယ်အတိုင်း (ဒီစကားလုံးတောင် သတိရကြသေးရဲ့လား မသိ၊) နေကြရမယ်လေ။ ခုက သတိလက်လွတ် နေသူတွေ အများအပြား တွေ့နေရပြီ။ မတ်စ်တပ်လက်ဆေးခွာခွာလေး။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

08 December 2021

အင်းဝခေတ်ဝတ်ဆင်မှု တံဆိပ်ခေါင်း၊

 


ရှေးမြန်မာ ခေတ်အလိုက် ဝတ်စားဆင်ယင်ပုံ တံဆိပ်ခေါင်းစီးရီးအဖြစ် အင်းဝခေတ်ဝတ်ဆင်ပုံ တံဆိပ်ခေါင်း ယနေ့ထုတ်သည်။ FDCလည်း နှစ်မျိုးထုတ်သည်။ တံဆိပ်ခေါင်းဒေတာများကဒ် ထုတ်သည် ကြားသော်လည်း မမြင်ခဲ့ရပါ။ ဆယ်မိနစ်ခန့်အတွင်း ကုန်သွားပုံရပါသည်။

.

စီးရီးထုံးစံအတိုင်း ၂၀၀ကျပ်တန်၊ ကျား မ နှစ်ခေါင်းပါ။ ဒီဇိုင်းများမှာ ကောက်ကြောင်းများနှင့် ပန်းချီဆံဆံ။ သို့သော် ဒီတခါ ကောင်းမှုတော်ကယ်လို့ တံဆိပ်ခေါင်းနှစ်ခေါင်းကို ခွဲလို့လွယ်သည်။ စီးရီးပီသစွာ ''အင်းဝခေတ်ဝတ်စားဆင်ယင်မှု'' စကားလုံး အင်္ဂလိပ်လို မပါ။

.

နောက်ပိုင်းတိုးတက် ထုတ်လာသည့်အထဲ ပန်းချီကားလို တံဆိပ်ခေါင်းများ အတော်များခဲ့ပြီ။ စုဆောင်းသူ ဝါသနာရှင်တဦးအနေနှင့် တံဆိပ်ခေါင်းပီသသော တံဆိပ်ခေါင်းများ ထွက်လာစေချင်ပါသည်။ ဤစီးရီးအတွက် ချီးကျူးစရာကတော့ မဆလခေတ်ကတည်းက ညံ့ခဲ့သော၊ တံဆိပ်ခေါင်းတခေါင်းအတွက် အရေးအလွန်ကြီးသော၊ နောက်ဖက်ကကော် အတော်ကိုကောင်းလာတာပါ။ သုံးသူမရှိလို့ သတိမှထားမိကြပါ့မလား။ 

23 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ နှစ်ဆယ့်သုံး၊



တကမ္ဘာလုံး အနေနဲ့ ခြောက်ကြိမ်မြောက် ဝူလာပြီ။ တကျော့ ခေါင်းထောင်တက်လာတာ တွေ့နေရပြီ။ သေနှုန်းကတော့ သိသိသာသာ လိုက်မတက်ဘူး။ ဆေးတွေရဲ့ တန်ခိုးဘဲ။

.


ဒီနေ့အတွက် အဝူဆုံးနိုင်ငံတွေ ကြည့်လိုက်တော့ ဗီယက်နမ်နဲ့ထိုင်း ပါနေတယ်။ ကျန်တာ အမေရိကန်နဲ့ ဥရောပအပေါင်းပါတွေပါဘဲ။ ဝူနှုန်းတော့ ထိုးတက်မလာဘူး။

.

မြန်ပြည်မှာလည်း ဟိုမှာဝူ ဒီမှာဝူ ကြားနေရတုံးဘဲ။ ပထမအသုတ် ကာကွယ်ဆေးထိုးခဲ့သူတွေက ခြောက်လကျော်လာတော့ ဘူစတာလိုလာတာလည်း ဖြစ်နိုင်တယ်။ တကယ်က လူအများစုကြီးက တကြိမ်မှကို မထိုးရသေးဘူး။

.

နယူးနော်မယ်ကို သတိထားလုပ်ကြပါအုံး။ ဆေးမထိုးထားရသေးတဲ့ ကလေးလူငယ်တွေကို ပိုဂရုထားရမယ်။ ဒီကြားထဲ အရူးအချို့က မတ်စ်တပ်တာ ရုပ်ဖျက်တာဘဲဆိုပြီး မတပ်ရဘူးလုပ်နေသတဲ့။ ဗဟိုအနေနဲ့ ဒီအမိန့်ထုတ်ရင် ကမ္ဘာကျော်အုံးမယ်။ ဘာဘဲဖြစ်ဖြစ် ကွကိုယ်ဂရုစိုက်ကြပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

17 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ ဆယ့်ခုနှစ်၊

 


မနေ့က သတင်းတွေမှာ ပီဖိုင်ဇာကုမ္ပဏီက သူတို့စမ်းသပ်ထားတဲ့ #ဝူဟန်ကိုဗစ် သောက်ဆေးပြားကို ဂျနီဗာအခြေစိုက် ယူအဲန်နဲ့ပတ်သက်တဲ့ ဆေးမှတ်ပုံတင်တဲ့အဖွဲ့တဖွဲ့ကတဆင့် နိုင်ငံ၉၅ နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပြုမှာဖြစ်ကြောင်း ပြန့်နေပါတယ်။ 

.

ဒီလိုခွင့်ပြုခြင်းအားဖြင့် ဝင်ငွေနည်းနိုင်ငံတွေမှာ အကျိုးရှိပါမယ်။ ကမ္ဘာ့ လူဦးရေရဲ့ ၅၃% အတွက် အကျိုးရှိပါမယ်။ ကုမ္ပဏီက အမေရိကန် FDA အနေနဲ့ အမြန်ဆုံး အသိအမှတ်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆေးပြားတွေကို နောက်လအတွင်း နေရာအများအပြားမှာ စထုတ်နိုင်ပါလိမ့်မယ်။

.

လောလောဆယ် ဗြိတိန်တနိုင်ငံတည်း ခွင့်ပြုထားသေးတဲ့ အခြား ကိုဗစ်သောက်ဆေးပြား Merck က ေမာ်နူပီရာဗာလည်း နိုင်ငံ ၁၀၁နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပေးထားပါတယ်။ ဒီအတွက် ကိုဗစ်ကပ်ဆိုးဟာ ၂၀၂၂အတွင်း ထိန်းနိုင်မယ်လို့ ယူဆလို့ရပါပြီ။ 

.

နိုင်ငံကြီးတွေမှာ ကာကွယ်ဆေး တတိယအကျော့ ထိုးနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁%လောက်ဘဲ ထိုးပြီးပါသေးတယ်။ ဘယ်ရောဂါမဆို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတာမလို့ မတ်စ်တပ်လက်ဆေးတာတော့ သတိနဲ့လုပ်ကြပါအုံး။ ရွှေပြည်အတွက်ဆိုရင် ပြည်ပမှဆေးရဖို့ အရင်လို မလွယ်လောက်သေး။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။