23 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ နှစ်ဆယ့်သုံး၊



တကမ္ဘာလုံး အနေနဲ့ ခြောက်ကြိမ်မြောက် ဝူလာပြီ။ တကျော့ ခေါင်းထောင်တက်လာတာ တွေ့နေရပြီ။ သေနှုန်းကတော့ သိသိသာသာ လိုက်မတက်ဘူး။ ဆေးတွေရဲ့ တန်ခိုးဘဲ။

.


ဒီနေ့အတွက် အဝူဆုံးနိုင်ငံတွေ ကြည့်လိုက်တော့ ဗီယက်နမ်နဲ့ထိုင်း ပါနေတယ်။ ကျန်တာ အမေရိကန်နဲ့ ဥရောပအပေါင်းပါတွေပါဘဲ။ ဝူနှုန်းတော့ ထိုးတက်မလာဘူး။

.

မြန်ပြည်မှာလည်း ဟိုမှာဝူ ဒီမှာဝူ ကြားနေရတုံးဘဲ။ ပထမအသုတ် ကာကွယ်ဆေးထိုးခဲ့သူတွေက ခြောက်လကျော်လာတော့ ဘူစတာလိုလာတာလည်း ဖြစ်နိုင်တယ်။ တကယ်က လူအများစုကြီးက တကြိမ်မှကို မထိုးရသေးဘူး။

.

နယူးနော်မယ်ကို သတိထားလုပ်ကြပါအုံး။ ဆေးမထိုးထားရသေးတဲ့ ကလေးလူငယ်တွေကို ပိုဂရုထားရမယ်။ ဒီကြားထဲ အရူးအချို့က မတ်စ်တပ်တာ ရုပ်ဖျက်တာဘဲဆိုပြီး မတပ်ရဘူးလုပ်နေသတဲ့။ ဗဟိုအနေနဲ့ ဒီအမိန့်ထုတ်ရင် ကမ္ဘာကျော်အုံးမယ်။ ဘာဘဲဖြစ်ဖြစ် ကွကိုယ်ဂရုစိုက်ကြပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

17 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ ဆယ့်ခုနှစ်၊

 


မနေ့က သတင်းတွေမှာ ပီဖိုင်ဇာကုမ္ပဏီက သူတို့စမ်းသပ်ထားတဲ့ #ဝူဟန်ကိုဗစ် သောက်ဆေးပြားကို ဂျနီဗာအခြေစိုက် ယူအဲန်နဲ့ပတ်သက်တဲ့ ဆေးမှတ်ပုံတင်တဲ့အဖွဲ့တဖွဲ့ကတဆင့် နိုင်ငံ၉၅ နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပြုမှာဖြစ်ကြောင်း ပြန့်နေပါတယ်။ 

.

ဒီလိုခွင့်ပြုခြင်းအားဖြင့် ဝင်ငွေနည်းနိုင်ငံတွေမှာ အကျိုးရှိပါမယ်။ ကမ္ဘာ့ လူဦးရေရဲ့ ၅၃% အတွက် အကျိုးရှိပါမယ်။ ကုမ္ပဏီက အမေရိကန် FDA အနေနဲ့ အမြန်ဆုံး အသိအမှတ်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆေးပြားတွေကို နောက်လအတွင်း နေရာအများအပြားမှာ စထုတ်နိုင်ပါလိမ့်မယ်။

.

လောလောဆယ် ဗြိတိန်တနိုင်ငံတည်း ခွင့်ပြုထားသေးတဲ့ အခြား ကိုဗစ်သောက်ဆေးပြား Merck က ေမာ်နူပီရာဗာလည်း နိုင်ငံ ၁၀၁နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပေးထားပါတယ်။ ဒီအတွက် ကိုဗစ်ကပ်ဆိုးဟာ ၂၀၂၂အတွင်း ထိန်းနိုင်မယ်လို့ ယူဆလို့ရပါပြီ။ 

.

နိုင်ငံကြီးတွေမှာ ကာကွယ်ဆေး တတိယအကျော့ ထိုးနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁%လောက်ဘဲ ထိုးပြီးပါသေးတယ်။ ဘယ်ရောဂါမဆို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတာမလို့ မတ်စ်တပ်လက်ဆေးတာတော့ သတိနဲ့လုပ်ကြပါအုံး။ ရွှေပြည်အတွက်ဆိုရင် ပြည်ပမှဆေးရဖို့ အရင်လို မလွယ်လောက်သေး။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

07 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ ခုနှစ်၊

 


ကမ္ဘာမှာ #ဝူနာ သန်း၂၅၀ ပြည့်ခဲ့ပြီ။ စဖြစ်ကာစလောက် သေနှုန်းလိုက် မတက်လို့သာ တော်တော့တယ်။ လူတွေ ရောဂါပီးကုန်တာရယ်၊ နယူးနော်မယ်နဲ့ နေတတ်လာတာရယ်၊ ဆေးမှီလာတာရယ် ပါမှာပေါ့။

.

အမေရိကားမှာ တနေ့ ခြောက်သောင်းခုနှစ်သောင်း ကူးနေတုံးဘဲ။ စနေ တနင်္ဂနွေဆို အချို့ ဆေးရုံဆေးခန်းတွေ ပိတ်လို့လားမသိ၊ ဝူနာလျော့တတ်ပေမယ့် ဝိခ်ဒေးငါးရက်မှာတော့ များနေဆဲ။ တပတ်ချင်း အဲဗရိတ်ချ်ကို ကြည့်လိုက်ရင် ငါးသိန်းခန့် ရှိနေတုံး။

.

ဥရောပမှာလည်း ဝူများနေဆဲပါဘဲ။ ယူကေ ရုရှတို့ဆို တပတ်နှစ်သိန်းခွဲ ဝူတယ်။ တူရကီ ဂျာမဏီ ယူကရိန်း တို့ဆို တပတ် တသိန်းခွဲခန့် ဝူတုံး။ နိုင်ငံငယ် လူဦးရေနည်းတဲ့ နယ်သာလန်တောင် မနေ့က ဝူတသောင်းကျော်သတဲ့။

.


အန္ဒိယ နဲ့ ဘရာဇီးမှာ ကျလာပေမယ့် တကမ္ဘာလုံး ဝူစာရင်းမှာ ပြန်များလာတာ ဂရဖ်မှာ တွေ့နိုင်တယ်။ ကျန်နိုင်ငံတွေမှာ တက်လိုက် ကျလိုက်ဘဲ။ စလုံးက တနေ့သုံးထောင်နေ့တွေက လွတ်ကောင်းပါရဲ့။ ထိုင်းကတော့ တနေ့တသောင်းအောက် ရောက်လာပြီ။

.

သောက်ဆေးနောက်တမျိုး ပီဖိုင်ဇာက အပရုဗယ်တင်ပြီ။ မြန်မြန်ခွင့်ပြုဖို့လိုတယ်။ ၈၉%ထိ အသည်းအသန်နဲ့ သေနှုံးကို မဖြစ်စေဘူးတဲ့။ အားရစရာ။ ပထမဆေး Merck ကလည်း ဖော်မြူလာ ဖော်ပြမယ်တဲ့။ ဒါဆို တရုပ်နဲ့ အန္ဒိယက အမြောက်အများ အောက်ဈေးနဲ့ထုတ်နိုင်ရင် ဆင်းရဲနိုင်ငံတွေအထိ အကျိုးရှိမယ်။

.

လုပ်ရမှာကတော့ ဝူဟန်ကိုဗစ်ကြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သည်အထိ နယူးနော်မယ်နဲ့ နေကြပါအုံး။

.

ကိုဗစ်ဘေးကင်းဝေးကြပါစေ။

04 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ လေး၊


ကမ္ဘာမှာ #ဝူနာ သန်း ၂၅၀ ပြည့်တော့မယ်။ ဝူကြောင့် သေသူ ၅သန်း ကျော်ခဲ့ပြီ။ ဒီစာရင်းက တရားဝင်စာရင်းပါ။ မြန်မာပြည်လို အကြောင်းကြောင်းကြောင့် ဝူနာ ဝူသေ စာရင်းမပေါက်သူတွေ အများကြီးရှိနိုင်တယ်။

.

စာရင်းအရ အမေရိကန်က တကမ္ဘာလုံးရဲ့ ငါးပုံတပုံ ရှိတယ်။ အခုလည်း တိုးနေတုံးဘဲ။ ဆေးအလွယ်တကူရရက်နဲ့ အမေရိကန်နဲ့ ဥရောပမှာ ဝူတိုးနေတာ စိုးရိမ်စရာပါ။ ဒီ ကိုဗစ်ဗိုင်းရပ်စ်က ရောဂါပီးမှု herd immunity ရပါ့မလား သံသယဖြစ်မိတယ်။

.

တကမ္ဘာလုံး ဒီဝူကြောင့် ဖျားနာသေကြေ၊ ကာကွယ်ကုသမှုတွေ လုပ်နေရတာ တနှစ်ခွဲကျော်လာပြီ။ ကုန်ကျစားရိတ်တွေလည်း မနည်းတော့ဘူး။ တလောက အမေရိကန်က ထုတ်ပြန်ချက်တခုအရ တရုပ်ပြည်မှ အဆင့်မမှီတဲ့ ဓာတ်ခွဲခန်းတခုက ဒီဗိုင်းရပ်စ် စပြန့်တာတဲ့။ တရုပ်ကတော့ အဓိပ္ပယ်မရှိတာလို့ ငြင်းထားတယ်။ 

.

ဒါပေမယ့် သေချာတာတခုက ဒီအရေးကြောင့် တကမ္ဘာလုံး စီးပွားထိနေပေမယ့် တရုပ်ကတော့ ကာကွယ်ရေးပစ္စည်းတွေ အများဆုံးထုတ်ရောင်းရတာကြောင့် အိုကေနေတယ်။ ကာကွယ်ဆေးတောင် သူလက်ဝါးကြီးအုပ်မရတာ ကမ္ဘာကြီး ကံကောင်းသွားတယ်။ 

.

မနှစ်က ဒီအချိန် မဲရှုံးတဲ့ ဒေါ်နွယ်ထွန်းသာ သမတဆက်ဖြစ်ရင် တရုပ်ကို တနည်းနည်းနဲ့ ဆော်မှာ အသေအချာဘဲ။ Worldometer စာရင်းကို ကြည့်လိုက်ပါ။ လူဦးရေ၊ ဝူနာအရေအတွက်နဲ့ နည်းများအလိုက် စဥ်လိုက်ရင် ဘယ်လောက် အသည်းယားစရာ ကောင်းသလည်း တွေ့လိမ့်မယ်။ 

.


နိုင်ငံ ၊ (စဥ်)    ၊ ဝူနာ(သန်း) ၊ လူဦးရေ (သန်း)


USA. (၁)         ၄၇၊         ၃၃၃ သန်း

အန္ဒိယ (၂)          ၃၄၊        ၁၃၉၈

ဘရာဇီး (၃)      ၂၁၊ ၂၁၄

ယူကေ (၄)          ၉၊          ၆၈

တူရကီ (၆)          ၈၊        ၈၅

ပြင်သစ် (၇)          ၇၊        ၆၅

ဖိလစ်ပိုင် (၁၉)        ၂.၇၊     ၁၁၁

မလေးရှား (၂၀)        ၂.၄၊    ၃၃

ထိုင်း (၂၄)        ၁.၉၊     ၇၀

ဗီယက်နမ် (၄၀)        ၀.၉၊     ၉၈

မြန်မာ (၆၀)        ၀.၅၊       ၅၅

တရုပ် (၁၁၃)       ၀၀.၉၊      ၁၄၄၀

.

ဒီစာရင်းအရ လူဦးရေ ၁၄၄၀ သန်းရှိတဲ့ တရုပ်ပြည်က ဝူနာ ကိုးသောင်းဘဲ ရှိသေးတယ်။ ကျန် ကမ္ဘာ့နိုင်ငံတွေက သန်း ၂၅၀။ တကမ္ဘာလုံး သူ့ဆီက စတဲ့ဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက် ဒုက္ခရောက်နေချိန်မှာ သူက ဒီဗိုင်းရပ်စ် ကာကွယ်ဖို့နဲ့ ကုသဖို့ပစ္စည်းတွေ အရောင်းတက်ပြီး ဝင်ငွေရနေသေးတယ်။ မယုံချင်စရာ မသင်္ကါစရာ ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာပါဘဲ။

.

ကိုဗစ်ဘေးကင်းဝေးကြပါစေ။

30 October 2021

ဝူဟန်ကိုဗစ် အောက်တိုဘာ သုံးဆယ်။



ဝူဟန်ကိုဗစ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကမ္ဘာမှာ  ၅သန်း ကျော်ခဲ့ပြီ။ မြန်မာနိုင်ငံလို စာရင်းပျောက်တာတွေလည်း မနည်းဘူး ရှိဦးမယ်။ တိုးဖို့သာရှိတယ် လျော့စရာမရှိ။

.


ကူးစက်နှုန်းကလည်း ကျလာတယ်ဆိုပေမယ့် တနေ့လေးသိန်းကျော်ဆဲ။ အဲဒီလောက်ရောက်ရင် ပြန်များလာတတ်တာက နှစ်ခါရှိပြီ။ မနေ့က လေးသိန်းခြောက်သောင်းကျော်တိုးတယ်။ အမေရိကန်က ရှစ်သောင်းကျော်၊ ယူကေက လေးသောင်းကျော်၊ ရုရှက သုံးသောင်းကျော်၊ ဂျာမဏီ နဲ့ တူရကီက နှစ်သောင်းကျော် တိုးဝူဆဲ။

.

လူဦးရေများပြီး မြန်မာနဲ့ ဝေးတဲ့နိုင်ငံတွေက ကိစ္စမကြီး ဆိုနိုင်ပေမယ့် အနီးနားနိုင်ငံတွေကြည့်တော့ ဝူမကျသေး။ စလုံးက ၄၂၄၈ဝူ (၁၆သေ)၊ မလေးက ၆၀၆၀(၆၃)၊ ထိုင်းက ၈၉၆၈(၆၄) ။ မြန်မာစာရင်းတော့ မပြောတော့ပါ။

.

တရုပ်ပြည်မှာ ဝူသူ ဆယ်ဂဏန်းတွေ့နေတာ ရက်ဆက်လာပြီ။ လေပျံတွေ ရထားတွေရပ်၊ ခရီးသွားမှု ပိတ်။ လော့ဒေါင်းနဲ့ ဝူစစ်တာကို ဖိဖိစီးစီးလုပ်နေသတဲ့။ သတင်းတောင် အပြင်ထွက်ခံဟန် မတူဘူး။ လူဦးရေများပြီး မြို့တွေမှာ လူနေထူထပ်တော့ အဲ့လောက်လုပ်ကာမှ တော်ကာကျမှာဘဲ။ တရုပ်မှာ အောက်ဘရိတ်ဖြစ်ရင် အိမ်နီးချင်းတွေ အရင်ခံရမှာဘဲ။

.

သေချာလာတာကတော့ ကျွန်ုနိုင်ငံ နယူးဇီလန်မှာတောင် ဝူတရာကျော်တွေ့နေတော့ ခရီးသွားပိတ်နေယုံနဲ့ မကာကွယ်နိုင်လောက်တော့ဘူး။ စီးပွားရေးလည်း အတော်ထိနေကြပြီ။ ဝူစည်းကမ်းတွေ လိုက်နာပြီး ဖွင့်အလုပ်လုပ်ကြရလိမ့်မယ်။ 

.

ဒီနေရာမှာ ဝူကာကွယ်ဆေးက အရေးအပါဆုံးဘဲ။ ပြဿနာနှစ်ခုမြင်တယ်။ တခုက ဝင်ငွေနည်းနိုင်ငံတွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းနိုင်တယ်။ တကြိမ်မှမထိုးရသူတွေ အများကြီးရှိချိန် ဆေးအာနိသင်ကျလို့ ထပ်ထိုးကြရတော့ အားလုံးနီးပါး လွှမ်းခြုံဖို့ ခက်ပြီ။

.

နောက်ပြဿနာက ကာကွယ်ဆေးကို စိတ်မချလို့ မထိုးသူတွေဘဲ။ ကိုယ့်ယုံကြည်မှုဆိုပေမယ့် အများကိုထိခိုက်နိုင်လို့ mandate တွေထုတ် လုပ်သင့်လုပ်ရတော့မယ်။ ဂျာမဏီမှာ ဆေးရုံတွေပြန်ပြည့်လာတာ ကာကွယ်ဆေးကို အချိန်ယူ မစမ်းသတ်ထားလို့ မထိုးသူတွေများသတဲ့။ အချိန်ယူဖို့ နေနေသာသာ လူအားလုံးမသေခင် ဆေးပေါ်ဖို့ အတင်းရှာခိုင်းရတာ သဘောမပေါက်တာ အံ့ဩမိ။ အင်း ဆင်းရဲတဲ့နိုင်ငံမှာ ပြဿနာတမျိုး၊ ချမ်းသာတဲ့နိုင်ငံတွေမှာ ပြဿနာတမျိုးပါဘဲလား။

.

ဒီတော့ ဝူဟန်ကိုဗစ် ပေါ်ကတည်းက လိုက်နာခိုင်းတဲ့ နယူးနော်မယ်ကိုဘဲ လိုက်နာကြပါအုံး။ အပြင်ထွက်တိုင်း မတ်စ်တပ်၊ ပြန်လာရင် လက်ဆေး။ တတ်နိုင်သမျှ ခွာခွာနေ။ အခွင့်ရတာနဲ့ ကာကွယ်ဆေးထိုးထားပေါ့။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

27 October 2021

ပုဂံခေတ်ဝတ်ဆင်မှု တံဆိပ်ခေါင်း၊

 


မြန်မာဝတ်စားဆင်ယင်မှုစီးရီး ဒုတိယအသုတ်အဖြစ် ပုဂံခေတ်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်း နှစ်ခေါင်း ယနေ့ထုတ်သည်။ FDC လည်းထုတ်ဝေသည်။ ပထမခေါင်းများလိုဘဲ ကျား မ ဝတ်စုံနှစ်မျိုးဖြင့် ထုတ်သည်။ တံဆိပ်ခေါင်း ၂၀၀ကျပ်စီနှင့် FDC ၂၀၀ကျပ်စီ။

.

ပထမခေါင်းများလိုဘဲ ကောက်ကြောင်းများ နောက်ခံအပြည့် ထည့်ထားသည်။ ယုတ်တရက်ကြည့်လျှင် ကျား မ ခေါင်း မကွဲ။ နောက်ခံအရောင် ဆင်တူ၊ အင်္ကျီအရောင် ဆင်တူ။ စီးရီးပီပီ ဒါကိုက စတိုင်ဟု သတ်မှတ်ရတော့မည်။ သို့သော် ဒီဇိုင်းပညာ နားမလည်သော တံဆိပ်ခေါင်းသမားတဦး အနေနဲ့ ပထမခေါင်းများထက်တော့ သာသည်လို့ထင်သည်။ တံဆိပ်ခေါင်း မပီသဘဲ ပိုစတာဆန်သည်တော့ ထင်မိ။

.

စီးရီးပီသတာ နောက်တခုက အင်္ဂလိပ်လို Bagan Era Traditional Costume Style ဆိုတာ တံဆိပ်ခေါင်းပေါ်မှာ မပါခဲ့။ FDC တွင်မူ ထင်ရှားစွာပါသည်။ ပုံက ရှုပ်ထွေးနေလို့ အင်္ဂလိပ်လို နိုင်ငံအမည်ပင် သေချာကြည့်ရသည်။ နိုင်ငံအမည် မြန်မာ အင်္ဂလိပ်လိုကို အခြားအရောင်သုံးလျှင် ပိုပေါ်လွင်မည်။

.

ယခုစီးရီးသည် မြန်မာအကြောင်း ပြည်ပနိုင်ငံများ တံဆိပ်ခေါင်းမှတဆင့် သိရန်လုပ်နိုင်သည်။ ယခုတော့ ပြည်ပ တံဆိပ်ခေါင်းစုသူများ အတွက် ရည်ရွယ်ဟန်မတူ။ ပြည်ပမှစုသူများ ကြိုက်ကြပါ့မလား မသိ။

23 October 2021

ဝူဟန်ကိုဗစ် အောက်တိုဘာ နှစ်ဆယ့်သုံး၊




ကမ္ဘာမှာ #ဝူနာ ၂၄၃သန်း ကျော်ခဲ့ပြီ။ ဒါက စာရင်းပေါက်။ မြန်မာမှာလိုဘဲ စာရင်းမှာမပါတာ ဘယ်နှစ်ရာနှုန်းထိ ရှိနိုင်မယ်မသိ။ သေဆုံးသူကတော့ ဒီအကျော့မှာ အတော်လျော့တယ်။ ဆေးထိုးထားသူ များလာလို့ဘဲဖြစ်မယ်။ ဆေးထိုးထားရင် ဝူကူးတောင် အသည်းအသန်အထိ မဖြစ်တော့ဘူးကိုး။ သေဖို့လည်း ဝေးသွားတာပေါ့။ ဒါတောင် တကမ္ဘာလုံးမှာ ဝူကြောင့်သေသူ ငါးသန်းခန့်ရှိလာပြီ။

.


ဂရဖ်မှာကြည့်ရင် ဒီတကျော့ ဝူနှုန်းကျ​ေနတာ တွေ့မယ်။ သတိထားရမှာက အရင်အကျော့တွေမှာ တနေ့ဝူနှုန်း ဒီနေရာလောက်ရောက်ရင် ပြန်တက်လာတာ တွေ့မယ်။ သတိမပေါ့ကြသေးဖို့ လိုပါတယ်။ မြန်ပြည်မှာလည်း နယ်ဘက်တွေမှာ ဖြစ်နေသေးတယ် ကြားမိလို့ပါ။

.


ထူးဆန်းတာက အမေရိကန် နဲ့ အနောက်ဥရောပမှာ ဝူနှုန်း မကျတာကိုပါ။ အမေရိကားမှာ ခုနှစ်သောင်းရှစ်သောင်းထိ၊ ယူကေမှာ လေးငါးသောင်းအထိ၊ ပြင်သစ် ဂျာမဏီတို့မှာ တသောင်းနီးပါး နေ့စဥ်ဝူနေကြတုံး။ လူများတဲ့ အန္ဒိယနဲ့ ဘရာဇီးမှာ နေ့စဥ် နှစ်သောင်းအောက်ရောက်တာ ရက်အတော်ကြာလာပြီ။ စာရင်းမပေါက်တာတော့ အမြင့်ဆုံးအချိန်ကလို ရှိနိုင်သေးတာပါဘဲ။

.

ကမ္ဘာမှာ ဝူနာတသန်းကျော်တဲ့နိုင်ငံ ၃၆ နိုင်ငံ ရှိခဲ့ပြီဗျ။ အံ့ဩစရာက လူဦးရေ အများဆုံး တရုပ်ကြီးက ခုထိ တသန်းမပြည့်တာဘဲ။ ဝူသစ် ဆယ်ဂဏန်းလောက် ဖြစ်ပြီဆို ခရီးသွားခွင့်တွေပိတ်၊ လေယာဥ်ပျံတာရပ်၊ လော့ဒေါင်းတွေလုပ်၊ ဝူသူတွေ Qခိုင်းလုပ်နိုင်တော့ သိတ်မကူးဘူးပေါ့။ ဒါတောင် ဒီ်ရက်အတွင်း ဝူသူများလာလို့ လော့ဒေါင်းလုပ်တယ်ကြားတယ်။

.

အရှေ့တောင်အာရှ နိုင်ငံအများစု သိသိသာသာ မကျသေးဘူး။ ထိုင်းဆို နေ့စဥ် သောင်းဂဏန်း။ မလေးကတော့ သောင်းအောက် လျော့လာပေမယ့် လူဦးရေအချိုးနဲ့ဆို များတယ်ထင်မိ။ စင်ကာပူကတော့ သုံးထောင်ကျော်တာ ဆယ်ရက်လောက်ရှိပြီထင်တယ်။ ဒီလောက်ထိန်းနေရက်နဲ့။ သေဆုံးနှုံးတွေ အရမ်းမများကြလို့ တော်ပါသေး။

.

အဓိကက ဆေးတွေ့ဖို့ပါဘဲ။ တွေ့တဲ့ဆေးတွေ လူအားလုံးစီ ေဈးပေါပေါရောက်နိုင်ဖို့ပါဘဲ။ နောက်ဆုံးတွေ့ပြီး အသိအမှတ်ပြုဖို့ တင်ထားတဲ့သောက်ဆေးက ေဈးလည်းသက်သာ၊ ထုတ်ဖို့လည်းလွယ်၊ ထိန်းသိမ်းသယ်ပို့ဖို့လည်း ကရိကထမများတော့ အဲ့ဆေးပေါ် ပုံအားထားရမှာဘဲ။ အဲဒီဆေး အများစုလွှမ်းမခြုံနိုင်ခင် နောက်ထပ်မျိုးစိတ်သစ် မပေါ်ဖို့ ဆုတောင်းရမှာဘဲ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။