11 December 2022

ဓားရိုးကမ်း


 ၂၀၁၀ နောက်ပိုင်း စာပေစိစစ်ရေး မရှိတဲ့အချိန်ကစ စာအုပ်မျိုးစုံ ထွက်လာတယ်။ လူငယ်တွေအတွက် စာအုပ်ကိုင်ဖတ်ချိန်မဟုတ်မှ စာအုပ်တွေ အသစ်ဒီလောက်ထွက်တာ အံ့ဩမိ။ ပင်ကိုယ်ရေး နိုင်ငံရေးစာပေကအစ ဘာသာပြန်အဆုံး အရင်ကအပိတ်ခံရလွန်းလို့ မထုတ်ရဲတဲ့ စာအမျိုးအစားတွေ အသစ်ထွက်တယ်။ ရန်ကုန်ဘုခ်ပလာဇာနဲ့ စာအုပ်ရောင်းပွဲတွေရောက်ရင် ဘယ်လိုမှထင်မထားတဲ့ စာအုပ်တွေပင် တွေ့မိတယ်။ စာအုပ်ခေတ်မဟုတ်တော့လို့ စီးပွားရေးကိုက်ပါ့မလား တွေးပူမိလို့ ရေးသူရောထုတ်သူတွေပါ ကျေးဇူးတင်မိ။

.

အခု ဖတ်ပြီးသွားတဲ့ ဒီစာအုပ်လည်း ရန်ကုန်ဘုခ်ပလာဇာမှာ လျောက်ကြည့်ရင်းတွေ့လို့ ဝယ်မိတာ။ ကြားဘူးလို့ မဟုတ်ဘူး။ မူရင်းက ပူလစ်ဇာဆုရဆိုလို့ ပိုစိတ်ဝင်စားသွားတယ်။ ဘာသာပြန်သူ ရာပြည့်ရဲ့ အရိုင်းဒီရေ တအုပ်တော့ ဖတ်ဖူးတယ်။ ဘာသာပြန်ဘဲ။

.

အခုစာအုပ်က တောင်ဗီယက်နမ်မှာ စစ်ရှုံးလို့ အမေရိကန်တွေ ပြန်ပြေးရတဲ့အချိန်မှာ ဇတ်စတယ်။ ဇတ်လိုက်က တောင်ဗီယက်နမ် စစ်တပ်က ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ပီအေ။ သို့သော် သူက မြောက်ဗီယက်နမ် သူလျှို။ အဖေပြင်သစ်ဖုန်းကြီးနဲ့ အမေဗီယက်နမ်ကမွေးတော့ အင်္ဂလိပ်စာတတ်တော့ အလုပ်ဖြစ်နေတာ။ တပ်ထဲမဝင်ခင် အမေရိကားမှာ ပညာသင်သွားဘူးသေး။

.

တောင်ဗီယက်နမ်တွေ စစ်ရှုံးတော့ သူ့ဗိုလ်ချုပ် အမေရိကားပြေးရပြီ။ သူကမလိုက်ချင်ပေမယ့် အထက်ကခိုင်းတော့ သူလှျိုဆက်လုပ်ဖို့ လိုက်သွားရတယ်။ ဇတ်လမ်းပေါ့။ အမေရိကားမှာ ပိပိရိရိ အလုပ်လုပ်နိုင်တယ်။ နှစ်အနည်းငယ်ကြာတော့ ထိုင်းဘက်ကတဆင့် တန်ပြန်တော်လှန်ရေးလုပ်ဖို့ စေလွှတ်ခံရတယ်။ သူကလည်း နဂိုရ်က ​ေမြာက်ဗီယက်နမ်ဘက်ကဆိုတော့ ပြန်ချင်တာနဲ့ အတော်ဘဲပေါ့။

.

ပထမ စစ်ဆင်ရေးမှာတွင် အဖမ်းခံရပြီး ဇတ်လမ်းဖြစ်တယ်။ ကိုယ်တိုင်ဖတ်ကြည့်ကြရင် ပိုကောင်းမယ်။ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ဇတ်လမ်းဖွဲ့ထားတယ်။ မူလရေးသူက တောင်ဗီယက်နမ်ကပြေးသူရဲ့ အဆက်ထင်တယ်။ အမေရိကားမှာနေတဲ့ ဗီယက်နမ်ဘဲ။ မြောက်ဘက်အကြောင်း မကောင်း ဘက်လိုက်ရေးထားသလို ထင်ရပေမယ့် တောင်မြောက်စစ်ပွဲအပြီး နှစ်ငါးဆယ်အကြာမှာ ဗီယက်နမ်က စစ်ပွဲမရှိဘဲ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ကိုဗစိအပြီး လာလိုက်တဲ့တိုးရစ်တွေမှာ အမေရိကန်တွေက တဝက်လောက်များ ရှိနေမလား မသိ။ ဘာဘဲဖြစ်ဖြစ် ခေတ်ဟောင်းအကြောင်း ရေးထားတဲ့ ဝတ္ထုကောင်းတအုပ်ပါ။ 

02 December 2022

ငှက်မင်းသားဝမ်းဖြူ တံဆိပ်ခေါင်း၊










 မြန်မာဒေသရင်း ငှက်မျိုးစိတ်များ စီးရီးအဖြစ် ငှက်မင်းသားဝမ်းဖြူ တံဆိပ်ခေါင်း ယနေ့ထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ FDC နဲ့  တံဆိပ်ခေါင်းအကြောင်း မှတ်တမ်းလွှာ pamphalet လည်း ထုတ်ပါတယ်။ လေးရာကျပ်စီပါ။ နှစ်ခုလုံးရဲ့ ပုံနှိပ်ကွာလတီ ကောင်းပါတယ်။

.

တံဆိပ်ခေါင်းကတော့ အရင်ခေါင်းတွေလိုပါဘဲ။ ဒီဇိုင်းလှပေမယ့် ပုံနှိပ်တာ ညံ့ပါတယ်။ အရောင်မထွက်ပါ။ သတင်းစာ ဖေ့ဘုတ်တွေမှာ ဖော်ပြတဲ့အရောင်နဲ့ နှိုင်းယှဥ်နိုင်အောင် ပုံမှာဖော်ပြပေးလိုက်ပါတယ်။ 

.

ဒီတခေါက်မေးကြည့်တော့ ငှက်စီးရီး ၉ခေါင်း ထုတ်မှာပါတဲ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော် အီးမေးလ်ခေတ်မစားခင်ကဆို မြန်မာတံဆိပ်ခေါင်း ကမ္ဘာကတောင် စိတ်ဝင်စားခံရနိုင်ပါတယ်။ ခုတော့ ဝါသနာရှင်တွေဘဲ ဝယ်ကြဖို့များပါတယ်။ တံဆိပ်ခေါင်းကပ် စာပို့တာ မတွေ့မိပါ။

.

စီးရီးထုံးစံအတိုင်း နိုင်ငံအမည် မြန်မာလိုမပါပါ။ မှင်အရောင်မှိန်လွန်းတော့ ငှက်အမည်တွေ ဖတ်ရခက်ပါတယ်။ နှစ်အနည်းငယ်ကြာရင် ဖတ်ရမယ်မထင်ပါ။ 

23 November 2022

နဖားကြူးငှက် တံဆိပ်ခေါင်း၊

 

နဖားကြူးငှက် (ခ) အမြီးဝိုင်းငှက် ပုံဖြင့် တံဆိပ်ခေါင်း ယနေ့ထုတ်တယ်။ မြန်မာ့ဒေသရင်း ငှက်မျိုးစိတ်များစီးရီးအဖြစ်ထုတ်တာ။ နောက်ဆက်ထုတ်မလားမေးတော့ တံဆိပ်ခေါင်းရောင်းသူက မသိပါတဲ့။ 

.

၂၀၀ကျပ်တန် တံဆိပ်ခေါင်းပါ။ မြန်မာ့စာတိုက်လုပ်ငန်းက FDC ရော pamphlet ရော ထုတ်ပါတယ်။ တခု လေးရာကျပ်ပါ။ ခုနောက်ပိုင်း တံဆိပ်ခေါင်းတွေ သေချာထုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ဒီလိုထုတ်ရကောင်းမှန်း သိခဲ့ကြရင် အတော်အကျိုးရှိခဲ့ကြမှာ။

.

ငှက်ကလေးတွေ ဒီဇိုင်းက လှသော်လည်း တံဆိပ်ခေါင်းမှာ မပေါ်လွင်။ FDC ကလိုဆို ပိုကောင်းမယ်လို့ ထင်မိတယ်။ နောက်ပိုင်းထုတ်တွေလိုဘဲ နိုင်ငံအမည် မြန်မာလိုမပါ။ ''MYANMAR မြန်မာ'' လို့တော့ ထည့်သင့်တာပါဘဲ။

.

အရင်တခေါက်က ဆယ့်တစ်နာရီလောက်မှ စာတိုက်ကြီးရောက်တော့ FDC ကုန်ပြီ။ အပြင်က ဝယ်ရတယ်။ ဒီတခေါက် ဖုန်းနံပတ်ပေးထားတာတွေ့လို့ ကြိုမှာကြည့်တာ သေချာကိုကူညီပါတယ်။ သေချာလည်း ရှင်းပြပါတယ်။ အဲဒီအတွက် ကျေးဇူးပါ။ 

31 October 2022

HOME 2022

 ၂၀၀၇ က စလို့ နှစ်စဥ် ရိုက်ထားခဲ့တယ်။ နည်းနည်း နည်းနည်းချင်း ပြောင်းသွားတာ အတော်ကွာခဲ့ပြီ။






09 October 2022

စွေ့ငှက် တံဆိပ်ခေါင်း၊


 မြန့်မာ့ဒေသရင်းငှက် အဖြစ်သတ်မှတ်ထားသည့် စွေ့ငှက်ပုံဖြင့် တံဆိပ်ခေါင်း ယနေ့ထုတ်တယ်။ ဒေသရင်းငှက်စီးရီးအဖြစ် ဆက်ထုတ်မလားမသိဘူး။ မကြာခင်နှစ်များက ထုတ်ဝေခဲ့တဲ့ ငှက်ခါးပြန်ထုတ်နဲ့ စီးရီးလို့တော့ ပြောမရနိုင်ဘူးထင်တယ်။ 

.

၂၀၀ကျပ်တန် တံဆိပ်ခေါင်းပါ။ FDC နဲ့ မှတ်တမ်းလွှာပါ ထုတ်တယ်ဆိုသော်လည်း ဆယ်နာရီခွဲခန့်မှာ ရန်ကုန်စာတိုက်ကြီးရောက်တော့ ကုန်ပါပြီတဲ့။ တံဆိပ်ခေါင်းပဲ ရပါမယ်တဲ့။

.

တံဆိပ်ခေါင်းပုံ ကြိုက်ပါတယ်။ ဒီဇိုင်းကိုပြောတာ။ ငှက်ပုံက ဝါးနေတယ်။ မူရင်းပုံကြောင့်လား၊ ပုံနှိပ်တာ ညံ့လို့လားတော့ မသိပါ။ ငှက်ပုံကို ဒါ့ထက် ပိုကြည့်ကောင်းအောင် လုပ်လို့ရဦးမှာပါ။ 

.

အရင် ကျားခေါင်းကစလို့ တံဆိပ်ခေါင်းမှာ နိုင်ငံအမည်ကို မြန်မာလို မထိုးတော့ဘူး။ ငှက်အမည် ''စွေ့'' နဲ့ ၂၀၀ ကျပ်ဘဲ သေးသေးလေးပါတော့တယ်။ အင်္ဂလိပ်လို MYANMAR ပဲ ထည့်တာတော့ ကြိုက်တယ်။ သို့သော် မြန်မာလို "မြန်မာ" လို့တော့ မဖြစ်မနေ ထည့်စေချင်မိတယ်။ 

05 September 2022

ရုရှမြန်မာ ကျားတံဆိပ်ခေါင်း၊








 ရုရှမှာရုရှမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေးဖိုရမ် အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းထုတ်တယ်။ ဒီလိုခေါင်းစဥ်အောက်မှာထုတ်တာ ပထမဆုံးအကြိမ်ဘဲ ဖြစ်လိမ့်မယ်။ ကျားပုံနဲ့ ခေါင်းထုတ်တာလည်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်မယ်။ အရင်က တိရစ္ဆာန်ပုံဆို အစဥ်သုံး ငှက်ဘဲတွေ့ခဲ့ဘူးတယ်။

.

၂၀၀ကျပ်တန် သုံးခေါင်းပါ။ နိုင်ငံအမည်ကို မြန်မာလိုမပါပါ။ ၂၀၀ကျပ်ဆိုတာတောင် တခေါင်းမှာဘဲပါတယ်။ ကျန်တာအားလုံး အင်္ဂလိပ်လိုကြီးဘဲ။ တော်တော် ဗိုလ်ဆန်တယ်ပြောရမယ်။ ကြည့်ရတာ မူလပုံတွေကို တိုက်ရိုက်ယူသုံးထားပုံဘဲ။ မြန်မာ-ရုရှ ဆိုပေမယ့် ရုရှနောက်ခံ ကရင်မလင်ပုံဘဲပါတယ်။ 

.

ဒီတခါ FDC ထုတ်တယ်။ သုံးမျိုးတောင်ထုတ်တာ။ FDC က တအိပ် ၄၀၀ကျပ်ပါ။ စာအိပ်အသားရော၊ ဒီဇိုင်းတွေရော ကောင်းတယ်။ နှစ်အိပ်က ဆင်တူနေတော့ သေချာကြည့်ရတယ်။ ကျားဝပ်နေပုံ ဘယ်ညာရွှေ့လိုက်ရင် ကွဲသွားမယ်။ ဒီနေ့စာတိုက်ကြီးမှာ မီးမလာတော့ ​မှောင်ထဲမှာ တော်တော် ကြည့်ယူရတယ်။ လာတဲ့စုသူတွေကလည်း အသက်ကြီးပိုင်းတွေများတယ်။ လူငယ်နည်းနည်းဘဲ တွေ့တယ်။ လူဟောင်းတွေတောင် တဖြေးဖြေးမတွေ့ရတော့။