27 September 2021

ပျူခေတ်ဝတ်ဆင်မှု တံဆိပ်ခေါင်း၊

 ၂၀၂၁ ဖေဖော်ဝါရီ တရက်နေ့နောက်ပိုင်း တံဆိပ်ခေါင်းထွက်မှာ စိုးနေသည်။ မစုဘဲ မသိမ်းဘဲလည်း မနေနိုင်။ တချို့ခေါင်းစဥ်တွေကျ မစုချင်သဖြင့် မထွက်တာအေးတာဘဲလို့ မှတ်ထားလိုက်သည်။ စက်တင်ဘာမှာ အသစ်ထွက်မယ်ဆိုတော့ စိုးရိမ်မိသည်။ ၂၇ ရက်နေ့မျိုးဆိုတာကလည်း အချို့မြန်မာတွေ အကြိုက် ရက်မဟုတ်လား။

.

သတင်းစာမှာ ထွက်မည့်အကြောင်းကြေညာတော့ ပျူခေတ်ဝတ်စားဆင်ယင်မှုတဲ့။ ထုတ်သင့်တဲ့ ခေါင်းစဥ်ပါဘဲ။ စီးရီးအဖြစ် အင်းဝခေတ် ပင်းယခေတ် စသဖြင့် ထုတ်ဦးမည်ကြားသည်။ ဟုတ်မဟုတ်တော့ မသိ။ အာဆီယံစတန်းဒတ်အဖြစ် တနှစ် တံဆိပ်ခေါင်းဆယ်ခေါင်း ထုတ်မည်ဆိုလားဘဲ။

.



တံဆိပ်ခေါင်းနှစ်မျိုး၊ ပျူခေတ် အမျိုးသားနှင့် အမျိုးသမီး တခေါင်းစီ။ နှစ်ရာကျပ်တန်ခေါင်း။ အထူးထုတ် FDC လည်း နှစ်မျိုးထုတ်သည်။ တံဆိပ်ခေါင်းအကြောင်း ရှင်းပြထားသော brochure ခေါ်မလား၊ pamphlet ခေါ်မလား၊ ကဒ်စာရွက်ရှည်လည်း ထုတ်သည်။ တရွက် နှစ်ရာကျပ်ဘဲ။ တံဆိပ်ခေါင်းကို မည်သည့်အချက်များကို အခြေခံပြီး မည်သို့စဥ်းစား၍ ထုတ်ကြောင်း ဒီဇိုင်နာအဖွဲ့အမည်များအပါအဝင် ရှင်းပြထားသည်များကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားသည်။ 

.

ရှင်းပြထားချက်အရ အတော်လေ့လာထားပုံပါ။ သို့သော် ပျူခေတ်ပစ္စည်း ကမ္ဘာကျော်တာ နှစ်မျိုးအနက် ပျူဒင်္ဂါးကို နောက်ခံထည့်ထားသော်လည်း ပျူပုတီးနေရာတွင် လောက်စာလုံးသာသာပုတီး ဆွဲပေးထားတာတော့ ပြခွင့်တကွက် လွတ်သွားသလို။

.



အဝတ်အစားကို သီးသန့်ပုံတွင် ထင်ရှားသော်လည်း နောက်ခံ မြေရောင် ပျူဒင်္ဂါးများခံလိုက်သောအခါ ရှုတ်ထွေးကုန်သည်။ ဒီဇိုင်းဆရာများသည် တံဆိပ်ခေါင်းအရွယ်ကို အဓိကထား စဥ်းစားပေးရပါမည်။ ဤစာရွက် သေးသေးလေးတွင် ထည့်ချင်သမျှ အားလုံး ထည့်ဖို့မဖြစ်နိုင်ပါ။

.

အဓိကအရောင်အဖြစ် ကမ္ဘာမြေကြီးအရောင် နီညိုရောင်နှင့် ရွှေရောင်ပျူခေတ်အဖြစ် အဝါရောင်များသုံးခဲ့သော်လည်း ပုံနှိပ်အဆင့် မကောင်းမှုကြောင့် မြန်မာတံဆိပ်ခေါင်းများထုံးစံ မွဲခြောက်ခြောက်ဖြစ်နေသည်။ ပိုဆိုးသည်မှာ မြန်မာလို ပျူခေတ်ဟု စာပါသော်လည်း အင်္ဂလိပ်လို Pyu Era စာသား မပါခဲ့။ 

.

မြန်မာတံဆိပ်ခေါင်းများ တိုးထုတ်လာတာ ကြိုဆိုပါသည်။ တိုးထုတ်လာသော ခေါင်းများ အဆင့်မှီစေချင်၍ မြင်တာများထင်တာများ ရေးပြခြင်းပါ။ အပစ်ဘဲမြင်နေတယ်လို့ မယူဆကြစေချင်ပါကြောင်း။ 

No comments:

Post a Comment

Thank you.