10 May 2021

ဝူဟန်ကိုဗစ်​ မေ တဆယ်၊


 

နိုင်ငံအချို့မှာ ကိုဗစ်ကို ထိန်းနိုင်သလို ရှိပေမယ့် တကမ္ဘာလုံးအနေနဲ့တော့ တိုးဝူနေဆဲပါ။ ကမ္ဘာမှာ #ဝူနာ ၁၅၉သန်း ပြည့်ကာနီးနေပါပြီ။ တနေ့ ရှစ်သိန်းခန့် တိုးနေဆဲပါ။ သေဆုံးသူ ၃သန်း၃သိန်း ရှိပြီ။  
.
မနေ့က ၇သိန်း ၈သောင်းကျော်တိုးရာမှာ တဝက်ကျော်က အန္ဒိယကပါ။ ခုထိ စုစုပေါင်း ၂၂သန်းဝူပြီးပါပြီ။.အန္ဒိယမှာ ဝူကြောင့်သေသူ အနောက်နိုင်ငံတွေလောက် မများပေမယ့် တနေ့ လေးထောင်ပျော့ပျော့ နေ့တိုင်းသေနေတာပါ။ တနိုင်ငံလုံး လော့ဒေါင်းလုပ်ဖို့တော့ စဥ်းစားနေတုံးထင်တယ်။ လူဦးရေကများ၊ တိုင်းပြည်ကဆင်းရဲ၊ ပညာတတ်သူကနည်းနဲ့ ဒုက္ခရောက်နေတယ်။ တကမ္ဘာလုံးက ဝိုင်းကူနေကြတယ်။ အီမိုင်းရိတ်အဲလိုင်းကဆို ကယ်ဆယ်ရေးပစ္စည်းဆို ဖရီးသယ်ပေးမယ်တဲ့။
.
အမေရိကားမှာတော့ ကာကွယ်ဆေးတန်ခိုးနဲ့ အတော်ငြိမ်လာပုံဘဲ။ မနေ့က သုံးသောင်းခွဲဘဲ ဝူတယ်။ ဝူခဲ့တာတော့ ၃၃သန်းကျော်ပြီး သေခဲ့သူ ခြောက်သိန်းခန့်ရှိတယ်။ ပြီးခဲ့တဲ့ အမေနေ့ရက်တွေမှာ လေယာဥ်နဲ့ခရီးသွား ၁.၆၄သန်းဟာ ကိုဗစ်တနှစ်အတွင်း အများဆုံးသွားကြတာဘဲတဲ့။ ကာကွယ်ဆေးဆရာကြီး ဖော့ဆီကတော့ အမေရိကားမှာ သေစာရင်းပျောက်နေတာတွေ အများကြီးရှိအုံးမတဲ့။
.
အာရှဘက်မှာ ဂျပန်မှာလည်း ခရိုင်အလိုက် တားမြစ်ထားတယ်။ မလေးရှားမှာ ပြည်နယ်ချင်းခရိုင်ချင်း လေးပတ်ပေး မကူးဘူးတဲ့။.ထိုင်းမှာ တနေ့နှစ်ထောင်ဝူနေတုံးဘဲ။ ထိုင်းသတင်းစာတစောင်က ဝူကိစ္စ လူတယောက်ထဲအပေါ် တာဝန်ပေးတာ စိတ်ချရပါ့မလား မေးခွန်းထုတ်ထားတယ်။ ထိုင်းဝန်ချုပ်ဗိုလ်ချုပ်ကြီးလေ။.လာအိုမှာ ပထမဆုံးဝူနာ သေမှုရှိခဲ့ပြီ။ ဗီယက်နမ်မှာ မနေ့က တရာကျော်ဝူတာ အများစုက ပြည်တွင်းကူးဆိုတော့ တကျော့ပြန်လာမှာ စိုးရိမ်စရာပါ။
.
ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေကောင်းတဲ့ စင်ကာပူရဲ့ အဓိကဝင်ပေါက် ချန်ဂီလေဆိပ်မှာ ဝန်ထမ်းတယောက်ဝူသတဲ့။ ဝန်ထမ်းအားလုံးကို စစ်ခိုင်းလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်တွေက စလုံးဆေးရုံတွေမှာ ဝူတွေ့လို့ ဆေးရုံပိတ်ရတဲ့အဆင့်။ စည်းကမ်းထိန်းပြီး စံနစ်ကျတဲ့နိုင်ငံမျိုးမှာတောင် ထိန်းမနိုင်သေးတဲ့ ဝူပါ။
.
ကာကွယ်ဆေးထုတ်ဖို့ မူပိုင်ခွင့်ဖြေလျော့ဖို့ပြောလို့ ပြသနာဖြစ်သံကြားတယ်။ ဆေးကုမ္ပဏီတွေ ဒီတချီထောမယ့် အချိန်လေ။ လူငယ်တွေအထိ ဆေးထိုးခွင့်ရဖို့ လုပ်နေပါပြီ။ နည်းပညာရော ပိုက်ဆံရောရှိတဲ့ တိုင်းပြည်ကြီးတွေက ထိန်းနိုင်သွားမှာပါ။.အခြားတိုင်းပြည်တွေ ဆေးရဖို့က နှစ်ချီအုံးမှာပါ။ ပုံမှန် တုတ်ကွေးကာကွယ်ဆေးတွေက သက်တမ်းတနှစ်ပါ။ ဒါတောင် မျိုးစိတ်သစ် မပြောင်းပါမှ။ ခုလို နိုင်ငံနဲ့ချီ အများကြီးထိုးရတော့ အားလုံးထိုးပြီးချိန်မှာ အစောဆုံးထိုးပြီးသူတွေ တနှစ်ပြည့်တာနဲ့ ပြန်ထိုးပေးရမယ့် အခြေအနေ ဖြစ်နေနိုင်တယ်။ ဒီ ဝူဟန်ကိုဗစ်ကြီး ကမ္ဘာပေါ်က မပျောက်မချင်း ဆေးပတ်လည်ထိုးနေကြရမှာလား။
.
မြန်မာဘဲ အေးတယ်။ ဝူ ဘယ်ရောက်နေတယ် မသိကြတော့။.ဇယားအရ တနေ့ ဆယ်ဂဏန်းတွေ့နေပေမယ် ဘယ်သူမှ ဂရုမစိုက်ကြတော့။ အခြား အာရုံထားစရာတွေက အများသားကလား။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 


No comments:

Post a Comment

Thank you.