30 April 2021

ဝူဟန်ကိုဗစ် ဧပရယ် သုံးဆယ်၊



 




















ကမ္ဘာမှာ #ဝူနာ ၁၅၁သန်း ကျော်သွားပါပြီ။ ဝူနှုန်း တက်နေဆဲပါ။ သေသူ ၃.၁ သန်းကျော်ပြီ။ သေနှုန်း အရမ်းမတက်လို့ တော်သေးတယ်။ မျိုးစိတ်သစ်တွေက ပြန့်နှုန်းမြန်ပေမယ့် လူကိုထိခိုက်မှု တိုး မဆိုးလို့ဖြစ်မယ်။
.
အန္ဒိယက သုံးသိန်းရှစ်သောင်းကျော်နဲ့ ဆိုးတုံးပါ။ ဒါတောင် အစိုးရက သတင်းမှန် ဖုံးထားလို့တဲ့။ လူဦးရေ သန်းထောင့်လေးရာကျော်နိုင်ငံမှာ နေ့စဥ်လမ်းဘေးသေသူတွေ ပုံမှန်အချိန်မှာတောင် စာရင်းမကောက်နိုင်တဲ့နိုင်ငံပါ။ 
.
မြန်မာ့အိမ်နီးချင်း ထိုင်းမှာ အကောင်းဘက် မရောက်သေးဘူး။ လာအို ကမ်္ဘောဒီယားမှာလည်း မထိန်းနိုင်သေးဘူး။ အတော်အိုကေနေတဲ့ ဗီယက်နမ်မှာတောင် တယောက်ပြန်တွေ့တယ်ဆိုလား။
.
အနောက်နိုင်ငံတွေမှာ ထိန်းလာနိုင်တဲ့သဘော ရှိပေမယ့် အမေရိကားမှာတောင် နှစ်ပြည်နယ်မှာ စတုတ္ထဝေ့ ရှိလာလို့ တင်းကြပ်လာရတယ်။ ကာကွယ်ဆေးတွေတော့ ထိုးနေကြတာဘဲ။ 
.
အမေရိကန်က အန္ဒိယကို သန်းတရာဖိုးဆေးကူမယ်တဲ့။ အချို့က ခုထိ အမေရီးကားမှာ အသိအမှတ်မပြုရသေးတဲ့ အက်စတြာဇနက္က ဖြစ်မယ်ပြောကြလို့ မဟုတ်ရပါ၊ ရမ်ဒီဆီးဗားပါလို့ ရှင်းတာတွေ့လိုက်တယ်။ အန္ဒိယမှာ ဝူနာတွေအတွက် အသည်းအသန်လိုနေတာက အောက်စီဂျင်။ နိုင်ငံကြီးတွေက ဝိုင်းကူနေကြပြီ။
.
ဥရောပမှာ အင်္ဂလန်မှာ ပထမအကျော့ လူ၃၄သန်း ဒုအကျော့ လူ၁၄သန်း ဆေးထိုးပြီးပြီတဲ့။ ဖြစ်နှုန်းရော သေနှုန်းရော သိသိသာသာ ကျသွားပြီ။ ပြင်သစ် ဂျာမဏီ အီတလီ စပိန်နဲ့ တူရကီတို့မှာတော့ နေ့စဥ် သောင်းချီဝူနေတုံး။
.
ကာကွယ်ဆေးပြဿနာတွေ တက်လာပြီ။ ကာကွယ်ဆေးထိုးပြီးသူတွေ ဆေးပါ့စပို့နဲ့ ခရီးသွားဖို့ စီစဥ်ဆွေးနွေးနေတယ်။ ဒါပေမယ့် အမေရိကန်က တရုပ်နဲ့ရုရှ ကာကွယ်ဆေးထိုးပြီးသူတွေ လက်မခံဘူးတဲ့။ တရုပ်နဲ့ရုရှကလည်း အနောက်နိုင်ငံထုတ် ဆေးတွေကို နာမည်ဖျက်နေကြတယ်။ ရုရှစပွတ်နစ်ဆေး ဒေတာမကောင်းပြောလို့ ဘရာဇီးဆေးကောင်စီကို တရားစွဲမယ်ဆိုတာလည်း တွေ့လိုက်မိရဲ့။
.
ကာကွယ်ဆေးထိုးပေးမှု ​နှေးကွေးနေတာ ဆေးကုမ္ပဏီတွေ ဆေးထုတ်တာနှေးလို့မဟုတ်ကြောင်း ရှင်းထားပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ စီမံမှုကြောင့်နဲ့ လူတွေစိတ်ဝင်စားမှုတွေကြောင့် ဖြစ်မယ်တဲ့။ သေချာစစ်ကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းတောင် နှစ်ကျော့ထိုးပြီးရဲ့လား။
.
နောက်ပြဿနာတခုက ဆေးနှစ်ကျော့လုံးထိုးပြီးသူတွေ မတ်စ်မတပ်ဘဲ လူအုပ်ကြား စိတ်ချစွာသွားနိုင်ပြီလားဆိုတာပါဘဲ။ ဘယ်လောက်ဆေ့ဗ်ဖြစ်လည်း ဆွေးနွေးနေကြတုံးပါ။ မနေ့က စင်ကာပူမှာ ပြည်တွင်းကူးပြန်တွေ့တယ်။ ဆေးရုံနပ်စ်မက ကူးတာဖြစ်မယ်လို့ သုံးသပ်တယ်။ မသေချာတဲ့သတင်းတခုက အဲဒီနပ်စ် ဆေးနှစ်ကျော့လုံး ထိုးပြီးပြီတဲ့။ စင်ကာပူကတော့ သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းမှာပါ။ 
.
လူတော်တော်များများ ကာကွယ်ဆေး ပကျော့ထိုးပြီးကြပြီ။ ဆေးအမျိုးတိုင်းလည်း တကျော့ထိုးပြီးရင် ၅၀% စိတ်ချရတယ်ပြောတော့ မိုးလေဝသဆရာကြီး ကွယ်လွန်သူဦးထွန်းလွင် ဟောပြောခဲ့တာ သတိရတယ်။ မိုးလေဝသသတင်းမှာ မနက်ဖန်မိုးရွာမယ်။ ရွာရန်ရာခိုင်နှုန်း ၅၀လို့ ကြေညာသွားသတဲ့။ သေချာစဥ်းစားကြည့်ရင် လူလည်လုပ်သွားတာဗျ။ ၅၀%ဆိုတော့ ရွာချင်ရွာမယ်၊ မရွာချင်မရွာဘူးလို့ အဓိပ္ပယ်ထွက်တာဘဲဗျ တဲ့။ ခုလည်း ၅၀% ဆိုတော့ကာ.....
.
မြန်မာပြည်တဝှမ်းမှာတော့ ဝူဘေးရန် သာယာလျှက်ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွက်ကတော့ ဝူရန်ရာနှုန်း ၅၀ပါခင်ဗျာ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။

No comments:

Post a Comment

Thank you.