22 January 2021

ဝူဟန်ကိုဗစ် ဇန်နဝါရီ နှစ်ဆယ့်နှစ်၊


 



















ကမ္ဘာမှာ #ဝူနာ ၉၈သန်းကျော်ပြီ။ သန်း၇၀ ကျော်က ရောဂါကင်းသွားပြီး ၂သန်းကျော် သေတယ်ဆိုတော့ လူမမာ ၂၆သန်း ရှိနေတဲ့သဘော။ 

.

အမေရိကန်အပါအဝင် တကမ္ဘာလုံးမှာ ဝူကျတော့လာပါတယ်။ မနေ့ကတင် သေသူ သောင်းခုနှစ်ထောင်ကျော်၊ အသစ်ဝူသူ ခြောက်သောင်းခုနှစ်ထောင်ကျော်ဆိုတာ ကျလာတာပါ။ တခေါက်တော့ အဆိုးဆုံးတွေ ကျော်ခဲ့ပြန်ပြီ။

.

အမေရိကားမှာ မနေ့က လူလေးထောင့်သုံးရာသေတာ စံချိန်သစ်ပါဘဲတဲ့။ ကိုဗစ်ကို အတုပါ၊ ဒီလောက်စိုးရိမ်စရာမရှိဆိုတဲ့ ဒေါ်နွယ်ထွမ်းတော့ လစ်ပေမယ့် နောက်ဆက်တွဲခံရမှာတွေ ကျန်နေအုံးမှာ အသေအချာ။ နောက်တက်တဲ့ ဂျိုးဘဒင်ကတော့ တက်တက်ချင်းဘဲ ကိုဗစ်အရေးနဲ့ပတ်သက်တဲ့ အမိန့်တွေ လက်မှတ်ထိုးပေးလိုက်တယ်။

.

ဥရောပမှာ ယူကေ စပိန် ပြင်သစ် ဂျာမဏီတို့ အမြင့်ဆုံးမှ ဆင်းလာပြီဆိုပေမယ့် စိုးရိမ်အဆင့်ပါဘဲ။ နိုင်ငံတိုင်းမှာ လော့ဒေါင်းတွေ စည်းကမ်းတွေ ပုံစံမျိုးစုံနဲ့ လုပ်နေရတုံးပါ။ ဒီတခါလာမယ့် နွေဦးရာသီက ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေအတွက် ကံကောင်းခြင်းတွေ ယူလာကောင်းပါရဲ့။

.

အာရှမှာ ဂျပန်မှာ ဝူများနေတုံးပါ။ တနေ့လေးထောင်ကျော်နဲ့ ဝူနာပေါင်း သုံးသိန်းခွဲရောက်လာပြီ။ အံ့ဩစရာက ကမ္ဘာမှာ ဒုတိယလူဦးရေ အများဆုံး အန္ဒိယက တနေ့ဝူနာ တသောင်းခွဲလောက်ဘဲ ရှိတာဆယ်ရက်လောက် ဖြစ်လာတာပါဘဲ။ အကုန်မစစ်နိုင်ပေမယ့် အသေအပျောက်နည်းတဲ့အတွက် စိုးရိမ်အဆင့် ကျော်လာပြီဘဲ ထင်မိတယ်။

.

နိုင်ငံအတော်များများမှာ ကာကွယ်ဆေးတွေ စထိုးပြီဆိုပေမယ့် ဟိုတနေ့ကအထိ ချမ်းသာတဲ့နိုင်ငံတွေမှာ လူ၃၅သန်း ထိုးပြီးချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ၂၅ဦးဘဲ ထိုးရသေးပါသတဲ့။ အလကားပေးတဲ့ တရုပ်ဆေးကျတော့လည်း မထိုးရဲကြဘူးလေ။ ဘရာဇီးမှာဆို တရုပ်ဆေးမထိရောက်ဘူးဆိုတာကို သမတတောင် ပစ်တင်ရှုတ်ချတာကလား။ ခုနောက်ပိုင်းတော့ ထိရောက်မှု ၅၁%ဆိုလား။ သဘောက သေချင်သေမယ်၊ မသေချင်မသေဘူးပေါ့။ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အဓိကအားထားရာ WHOသို့ အမေရိကန်ပြန်ဝင်ပြီဆိုတော့ ရန်ပုံငွေပြန်တောင့်လာကောင်းပါရဲ့။ 

.

မြန်ပြည်မှာလည်း ဝူသိသိသာသာကို ကျလာပါပြီ။ မနေ့ကဆို ရန်ကုန်တတိုင်းလုံးမှ ၁၀၆ဦးဆိုလား။ ပေါ့ဆတော့ မသွားကြပါနဲ့။ ကူးနှုန်းမြင့်ဝူက မြင်ရတာမဟုတ်ဘူး။ ကာကွယ်ဆေးထိုးပြီးသည်အထိ ဝူစည်းကမ်းတွေ လိုက်နာကြပါအုံး။

.

မြန်ပြည်အတွက် ဆေးက ဒီနေ့ကိုရောက်မှာပါ။ အများစိုးရိမ်တဲ့ တရုပ်ဆေးမဟုတ်ပါ။ ကမ္ဘာကျော်ဆေးကုမ္ပဏီက အန္ဒိယမှာ ထုတ်တဲ့ အက်စတြာဇနက္ကဆေးပါ။ ၉၀%ကျော် စိတ်ချရကြောင်း စမ်းသတ်စစ်ဆေးထားပြီးပါပြီ။ လူတယောက် ၂၈ရက်ခြား နှစ်ခါစီထိုးရပါမယ်။ နှစ်ခါစီထိုးပြီးမှ ဆေးစွမ်းစိတ်ချရမှာပါ။ 

.

ဆေးတသန်းခွဲရောက်မှာကို အမေစုကိုယ်တိုင် မနေ့ကပြောပါပြီ။ လူ ခုနှစ်သိန်းခွဲစာဆိုပေမယ့် နောက်၂၈ရက်အတွင်း ဆေးရမှာသေချာရင် လူတသန်းခွဲအထိ ထိုးလို့ရပါမယ်။ တကမ္ဘာလုံးမှာအတိုင်း ဝူနဲ့နီးစပ်သူတွေက ပထမဦးစားပေးပေါ့။ ပြီးမှ အစိုးရအဖွဲ့ဝင်တွေ၊ ရောဂါအခံရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသက်ကြီးသူတွေ၊  ခရီးသွားလာနေရသူတွေ၊ စသဖြင့်ပေါ့လေ။ တဆင့်ခြင်း စီစဥ်ပေးသွားမှာပါ။

.

မနေ့က အမေစုပြောသွားတဲ့အထဲ လေးစားစရာတခုပါတယ်။ သူကိုယ်တိုင်က ဦးစားပေးအစုထဲ ပါနေတာ နောက်မှထိုးရမယ့် ပြည်သူတွေကို အားနာပါသတဲ့လေ။ ရာထူးအရရော၊ အသက်အရရောအပြင် ဒီနိုင်ငံအတွက် ဆေးတလုံးတည်းရရင်တောင် အရင်ဆုံးထိုးသင့်သူ မဟုတ်လားဗျာ။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

No comments:

Post a Comment

Thank you.