30 December 2024
ဂျင်မီကာတာ ကွယ်လွန်၊
အမေရိကန် သမတဟောင်း ဂျင်မီကာတာ ကွယ်လွန်သွားပါပြီ။
.
ငယ်စဥ်ကတည်းက အမြဲတွေ့နေသော TIME နှင့် နျူးစ်ဝိခ် မဂ္ဂဇင်းများကို အရုပ်တွေသာ လျောက်ကြည့်ချိန်မှ စိတ်ဝင်စားတဲ့ ခေါင်းစဥ်များဆို စာအနည်းငယ် လိုက်ဖတ်ကြည့်ချိန်မှာ သူက သမတဖြစ်လာတာပါ။ အမေရိကန်ဆိုတာ ကမ္ဘာ့ နံပတ်တစ်နိုင်ငံ၊ အဲ့ဒီနိုင်ငံရဲ့သမတဆိုတာ တကယ့်အာဏာရှင်ကြီးလို့ သိလာတဲ့အချိန်ပေါ့။
.
အဲဒီမဂ္ဂဇင်းတွေထဲမှာ ကာတွန်းပြောင် caricature ပုံတွေနဲ့ သမတကို ပြောင်တဲ့အရုပ်တွေတွေ့တော့ ဖှားသားကြီးကို မေးကြည့်ဘူးတယ်။ အဖမ်းမခံကြရဘူးလားလို့။ ဟုတ်တယ်လေ၊ အဲ့ဒီအချိန်က မြန်ပြည်မှာ အသံကျယ်ကျယ်နဲ့တောင် မပြောရဲကြဘူးကိုး။ အမေရိကန်နိုင်ငံက စာပေလွတ်လပ်ခွင့်ရတဲ့ ဒီမိုကရေစီနိုင်ငံလို့ စသိခဲ့ရတာပါ။
.
နောက်မေးမိတာက ဘာလို့ မြေပဲတောင့်ကြီး သွားဖြီးနေတဲ့ပုံ ဆွဲကြတာလဲ။ ရှေ့သွားအကြီးကြီးတွေကတော့ သူ့မှာရှိလို့ ထားပါတော့လို့။ ဖှားသားကြီး ပြောပြတာက ကာတာက မြေပဲစိုက်ခင်းသဌေးကြီးကနေ သမတဖြစ်လာသူမလို့တဲ့။
.
နောက်သိလာတာက ကာတာက ဒီမိုကရက်တစ်ပါတီကနေ သမတဖြစ်လာတာ။ သူက နိုင်ငံရေးမှာ တော်လို့မဟုတ်ဘူး၊ သူ့ရှေ့က ရီပါဘလီကဲန်သမတတွေို ဗီယက်နမ်စစ်ကြောင့် လူထုမကြိုက်တော့လို့ ဖြစ်လာတာဆိုတာကိုပါဘဲ။
.
ကာတာကို ပျော့ညံ့တဲ့ သမတလို့ သတ်မှတ်ရလိမ့်မယ်။ တကယ့် ဂျဲန်းတယ်လ်မဲန်းလို့လည်း သတ်မှတ်ကြပါတယ်။ သူ့ရဲ့ အုပ်ချုပ်ပုံ ပျော့ညံံလို့ တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်တွေဝင်စီးတာ ခံရတယ်။ သံဝန်ထမ်းတွေကို ပြန်ပေးဆွဲထားတာ ၄၄၄ရက်ကြာသတဲ့။ ရီဂင်သမတ အရွေးခံရပြီဆိုတော့မှ တကယ်ဆော်မယ့်သူဟဆိုပြီး ပြန်လွှတ်ပေးလိုက်တာ။ နောက်မှပေါ်လာတာက သံဝန်ထမ်းတွေကို ကယ်ဖို့ တိတ်တိတ်လွှတ်လိုက်တဲ့ ရဟတ်ယာဥ်တွေထဲကနှစ်စီး သဲကန္တာရထဲ အချင်းချင်းတိုက်မိလို့ အဲဒီစစ်ဆင်ရေး ပျက်သွားတာတဲ့။
.
ကာတာလက်ထက်မှာ နာမည်ကောင်းရခဲ့တာကတော့ အီဂျစ်အစ္စရေး ငြိမ်းချမ်းရေးရခဲ့တာပါဘဲ။ အမေရိကန် ဒေးဗစ်စခန်းကို အီဂျစ်သမတအာနဝါဆာဒတ်နဲ့ အစ္စရေးဝန်ချုပ်ဘီဂင်တို့ကို ခေါ်ဆွေးနွေးစေပြီး သူ့ရှေ့မှာ လက်ဆွဲနှုတ်ဆက်စေခဲ့တာကတော့ ကောင်းသောသမိုင်း ဖြစ်ခဲ့ပါတယ်။
.
လူကြီးလူကောင်းသမတဆိုတော့ ကောင်းရာသုဂတိ ရောက်မှာပါ။ ကွယ်လွန်ချိန်မှာ အသက်၁၀၀ ရှိပါပြီ။
15 December 2024
ငွေမည်းရဲ့တန်ခိုး၊
ငွေမည်းဆိုလို့ မတရားရှာထားတဲ့ငွေ မဟုတ်၊ ရွှေမည်းလို့ တင်စားခေါ်ကြတဲ့ ရေနံစိမ်းရောင်းရတဲ့ ငွေတွေကို ဆိုလိုတာပါ။
.
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ အုပ်စုခြောက်စု ရှိပါတယ်။ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ အဲဒီအုပ်စုအလိုက် အလှည့်ကျ ရွေးချယ်ရပါတယ်။ ဟိုးအရင်ကတော့ ဘောကန်တာ စိတ်အဝင်စားဆုံးဖြစ်တဲ့ တောင်အမေရိက နဲ့ ဥရောပမှာဘဲ ကျင်းပခဲ့ကြတာပါ။ ၂၀ရါစုကုန်ကာနီးချိန်ရောက်တော့ ပိုက်ဆံရမှန်းသိလို့ အခြားအဖွဲ့တွေကပါ အိမ်ရှင်ဖြစ်လိုကုန်ကြတယ်။ အလှည့်ကျ အိမ်ရှင်လုပ်ဖို့ စီစဥ်ရတော့တာပေါ့။
.
၂၀၂၂ ကမ္ဘာ့ဖလားကို အာရှအုပ်စုမှ ကာတာက နောက်ဆုံး လက်ခံကျင်းပခဲ့တယ်။ သူတို့ကတော့ ဝင်ငွေထက် ဂုဏ်သိက္ခာရချင်လို့ အိမ်ရှင်လုပ်ကြတာပါ။ ငွေကလည်းပေါတော့ သဲကန္တာရရာသီဥတုမှာ ဖြစ်အောင်လုပ်ပြသွားတာ အားလုံးမှတ်မိကြမှာပါ။
.
နောက်တခေါက် အာရှကတနိုင်ငံ အိမ်ရှင်အဖြစ် ပြန်ကျင်းပခွင့်ရဖို့ ၂၄နှစ်လောက် စောင့်ရမယ့်သဘောပါ။ သို့သော် ကာတာပွဲ အောင်မြင်စွာအပြီးမှာဘဲ ဆော်ဒီအာရေဗျနိုင်ငံက နောက်မကြာခင် သူတို့အိမ်ရှင်အဖြစ်လုပ်ဖို့ ကြိုးစားမယ်လို့ ကြေညာပါတယ်။ ဆော်ဒီလိဂ်သို့ ရော်နယ်ဒိုလို နာမည်ကျော် ဘောသမားတွေဖိတ်ခေါ်ပြီး အဆင့်မြင့်ပါတယ်။ သံတမန်တွေခန့်ပြီး ဆွယ်တရားလိုက်ဟောပါတယ်။
.
စဥ်းစားကြည့်ပါတယ်။ ဖြစ်နိုင်ပါ့မလားလို့။ အခုဘဲ အရှေ့အလယ်ပိုင်းအာရှနိုင်ငံက ကျင်းပပြီးစီးတာ။ ကျန်အာရှနိုင်ငံတွေကလည်း လုပ်ချင်ကြမှာဘဲလို့။ သို့သော် အခုတော့ ဖြစ်သွားပါပြီ။ အာရှနိုင်ငံရဲ့ နောက်အလှည့်ကို ဆယ့်နှစ်နှစ်အကြာမှာ ပြန်ကျင်းပခွင့် ရသွားပါပြီ။
.
ကာတာအပြီး လေးနှစ်အကြာ ၂၀၂၆မှာ ငွေနဲ့ပေါက်လို့မရမယ့် မြောက်အမေရိကနိုင်ငံတွေကို ကျင်းပခွင့်ပေးတယ်။ နောက်လေးနှစ် ၂၀၃၀ အတွက် ဥရောပနဲ့အာဖရိက နှစ်ဖွဲ့ပေါင်းပြီး ပွဲကျင်းပစေတယ်။ နောက်လေးနှစ် ထပ်စောင့်နေရမစိုးလို့ ကမ္ဘာ့ဖလားနှစ်ရာပြည့် အထိမ်းအမှတ်ဆိုပြီး တောင်အမေရိက သုံးနိုင်ငံမှာ အဖွင့်ပွဲအချို့ ကန်စေလိုက်တယ်။ ကျန် အာရှ သမုဒ္ဒရာနဲ့ ဩစတေးလျအုပ်စုတွေကလည်း ဘာသံမှ မထွက်လာဘဲ အာရှအလှည့် ပြန်ရောက်ပြီဆိုပြီး ၂၀၃၄မှာ ဆော်ဒီကို ရွေးလိုက်ကြတာပါ။
.
ဒီအစီအစဥ်ကို ဖီဖာက စီစဥ်တာဆိုပေမယ့် သက်ဆိုင်ရာအဖွဲ့ချုပ်တွေကလည်း တညီတညွတ်တည်း သဘောတူကြတာပါ။ အခုအထိ ဘာသံမှကို မကြိုက်သံမကြားရပါ။ ဒါ့ကြောင့် ငွေမည်းတွေရဲ့တန်ခိုး တယ်ကြီးပါလားလို့ ထင်ရတာပါဗျာ။
Labels:
aplar,
JUST A THOUGHT,
စဥ်းစားမိ,
ဘောလုံး,
အာပလာ
06 December 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၉)
လိပ်ပြာစီးရီးရဲ့ နဝမမြောက် တံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ ထုံးစံအတိုင်း ၂၀၀ကျပ်တန်ပါ။ FDC လည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။
.
လိပ်ပြာအမည် မြန်မာလို မရှိလို့ မပါပါ။ အင်္ဂလိပ်လို Kaiser ပါတဲ့။ သတ္တဗေဒ အမည်လည်း ပါပါတယ်။နိုင်ငံအမည် မြန်မာလို မပါပါ။
.
နောက်ထပ် ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပန်းလေးတွေ လိပိပြာလေးတွေမလို့ အရောင်နုတဲ့သဘော မထင်ပါ။ ပုံနှိပ်မှု ညံ့လိုလဲလို့ ထင်ပါတယ်။
30 November 2024
21 November 2024
အင်ဂျင်နီယာပညာရေး နှစ်ရာပြည့်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ယနေ့ထုတ်တယ်။ ၂၀၀ကျပ်တန်ပါ။ မြန်မာစာတိုက်ရဲ့ ဖေ့ဘုတ်မှာ FDC ဝယ်လိုသူတွေဆက်သွယ်ပါဆိုပြီး ဖော်ပြထားပေမယ့် တရားဝင် FDC မထုတ်ပါ။ အပြင် ကိုယ်ပိုင်ထုတ်ထားသူတဦးထံမှ အမှတ်တရစုလို၍ပါဟု ပြောဆိုပြီး တအိပ် ၁၅၀၀ကျပ် ပေးဝယ်ခဲ့ရပါသည်။
.
လတ်တလောထုတ် တံဆိပ်ခေါင်းများ အရောင်စုံစီးရီးများဖြစ်နေချိန် ရိုးရှင်းသောဒီဇိုင်းကို တွေ့ရလို့ ကျေနပ်တယ်။ မူရင်းလိုဂိုကို တိုက်ရိုက်ယူသုံးထားပုံ ရပါတယ်။ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ နိုင်ငံအမည်၊ တန်ဖိုးတွေ ဖော်ပြထားတယ်။
.
မြန်မာပြည် လွတ်လပ်ရေးရတာ နှစ်တရာမပြည့်သေးတော့ မြန်မာနဲ့ပတ်သက်လို့ ရာပြည့်တံဆိပ်ခေါင်း ထုတ်ဖို့ရှားပါတယ်။ အရင်က မြန်မာ့မီးရထားရာပြည့် တံဆိပ်ခေါင်းဘဲ တွေ့ဘူးတယ်။ အခြားရာပြည့်တွေက နိုင်ငံတကာနဲ့ ပတ်သက်တာတွေဘဲ ထုတ်ဘူးခဲ့တာပါ။
.
ယခု မြန်မာ အင်ဂျင်နီယာပညာရေး ရာပြည့်တာ တက္ကသိုလ် ဘွဲ့ပေးအဆင့်ပါ။ ဒီပလိုမာအဆင့် GTI ဖြစ်လာမယ့် ကျောင်းကိုတော့ ၁၈၉၅ ကစ ဖွင့်ခဲ့တာလို့ မှတ်မိပါတယ်။
.
မည်သို့ပင်ဖြစ်စေ ဘွဲ့ဒီပလိုမာအဆင့် မဟုတ်ပေမယ့် အင်ဂျင်နီယာပညာသင်ကြားပေးတဲ့ ကျောင်းဝင်းတခုထဲက အိမ်မှာ မွေးကာစမှ ၂၂နှစ်အထိ နေခဲ့ဘူးသူ၊ အင်းစိန်ကြို့ကုန်း RITမှ အင်ဂျင်နီယာဘွဲ့ရခဲ့သူ၊ အင်ဂျင်နီယာအလုပ်တခုမှာ နှစ်သုံးဆယ်ကျော် အလုပ်လုပ်ခဲ့ဘူးသူ တဦးအနေနဲ့ ဒီတံဆိပ်ခေါင်းအတွက် အလွန် နှစ်ထောင်းအားရ ဖြစ်ရပါကြောင်း။
11 November 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၈)
မြန်မာ့လိပ်ပြာ မျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးရဲ့ အဌမမြောက်ခေါင်း ထွက်တယ်။ စီးရီးရဲ့ အရင်ခေါင်းတွေလိုဘဲ မြန်မာနိုင်ငံအမည် မြန်မာလို မထည့်။ လိပ်ပြာအမည်ကတော့ မြန်မာအမည် မရှိလို့ဖြစ်မယ်။ အင်္ဂလိပ်လို white dragon တဲ့။ ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။
.
တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ကျပ်ပါ။ FDCလည်း ထွက်တယ်။ ၄၀၀ကျပ်။ တံဆိပ်ခေါင်းအကြောင်း လပ်ပြာပုံနဲ့ကဒ်လည်း ဒီနေ့ ဝယ်လို့ရခဲ့တယ်။ ၄၀၀ ကျပ်ပါဘဲ။ အဲဒီကဒ်တွေက အားလုံးလှတယ်။
.
ဒီလိပ်ပြာစီးရီးကို တလတခေါင်း ထွက်နေပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မထွက်ခဲ့ပါ။ အထိမ်းအမှတ်ထုတ် မဟုတ်လို့ ကြိုက်တဲ့နေ့ ထုတ်လို့ရတဲ့အတွက် အကြံတခု ကြုံတုံးပေးချင်ပါတယ်။ တံဆိပ်ခေါင်း အသစ်ကို တနင်္လါနေ့မှာ တတ်နိုင်ရင် မထုတ်စေချင်ပါ။ တနင်္လါနေ့ဆို ပုံမှန်သွားသူ ရုံးကိစ္စသွားရသူတွေ ပိုများတတ်တော့ ကားပိတ်လွန်းလို့ပါ။ ကျန်ရက်များဆို ပိုအဆင်ပြေလို့ပါ။
17 October 2024
HOME 2024
Labels:
aplar,
home,
ကျွန်တော့်ရဲ့အိမ်,
အာပလာ
Subscribe to:
Posts (Atom)










