20 July 2023

တော်ကောင်းမင်း ရဲ့ နွမ်းလျသေရှင်။


 ခေတ်သစ် တရုတ်ဂန္တဝင် ဝတ္ထုရှည်နှစ်အုပ်တွဲ ဖတ်ပြီးတယ်။ ဆရာ တော်ကောင်းမင်း ဘာသာပြန်တဲ့ မော့ယန်ရဲ့ နွမ်းလျသေရှင်ပါ။ မူရင်းရေးသူ မော့ယန်က စာပေနိုဘယ်လ်ဆု ရဘူးသူဖြစ်တယ်။ ဆရာတော်ကောင်းမင်း ကလည်း တရုတ်စာပါ နားလည်သူဖြစ်မယ်။ မူရင်းလည်း ကောင်း၊ ဘာသာပြန်လည်း ကောင်း ပါ။

.

တရုတ်ပြည် ခေတ်သစ်သမိုင်းကို ဝတ္ထုနောက်ခံ၊ အတ္ထုပတ္တိတို့အပြင် သမိုင်းစာတွေလည်း ဖတ်ဘူးပါပြီ။ ဒီဝတ္ထုမှာကျ ပုံစံတမျိုး။ ကွန်မြူနစ်တွေ အာဏာရကာစက မြေပိုင်ရှင်ဖြစ်ခဲ့လို့ စာရင်းရှင်းခံရသူက ဘဝအစွဲကြောင့် သေပြီးနောက် မြည်း နွား ဝက် ခွေး မျောက် ငါးဘဝဖြစ်ပြီး နောက်ဆုံး လူဘဝပြန်ရောက်၊ အဲ့ဒီကျမှ နှစ်ငါးဆယ်ကြာ ဖြတ်သန်းမှုကို ပြန်ပြောပြတဲ့ဇတ်လမ်း။ ဒီကလေး ဘယ်သူ့ကလေး ဖြစ်မလဲ နောက်ဆုံးအချိန်ထိ စိတ်ဝင်စားစရာ ဇတ်လမ်းရေးထားတာ။

.

ဒီစာအုပ်အရင် သုံးအုပ် တရုတ်စာအုပ်ပြန်တာ ဖတ်ပြီးပြီ။ တအုပ်က မော့ယန်ရဲ့စာအုပ်ဘဲဖြစ်ပြီး တအုပ်က ဝူဟန်မှာ ကိုဗစ်ဖြစ်ချိန် မှတ်တမ်းတင်ရေးထားတဲ့ ဝူဟန်ဒိုင်ယာယီ။ ဘာသာပြန်သူတွေလည်းကောင်းတော့ တရုပ်စာအုပ် ပြန်ထားတာတွေ ဖတ်ရတာ ထူးဆန်းကောင်းမွန်နေတယ်။ ဇတ်လမ်းတွေအပြင် စာလုံးသုံးပုံတွေ၊  ရှေးကဗျာတွေ စာတွေ ညှပ်သုံးပုံတွေ၊ အမည်ပေးပုံတွေ၊ တင်စားပြောတာတွေ ထူးဆန်းနေတယ်။ အနောက်ဝတ္ထု ဘာသာပြန်တွေဘဲ အဖတ်များခဲ့လို့လည်း ပါမှာပါ။

.

ကျနော်ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့် မော်ဒန် ဝတ္ထုတိုရှည်တွေ ဖတ်ပြီးကတည်းက ကျနော့အတွက် ပထမအကြိမ် စာပုံစံသစ် ဖတ်ဖူးခြင်းဘဲလို့။

12 June 2023

မန်ချက်စတာ ထရီဘယ်၊


 









မနေ့က ဖွဘုတ်မှာ အတွေ့များနေတဲ့ #treble. ဆိုတဲ့ စကားလုံးကို အားကစားနဲ့ပတ်သက်လို့ သုံးတာ အရင်က သတိမထားမိပါ။ ၁၉၉၉မှာ မန်ယူက ချန်ပီယံလိဂ် နိုင်လိုက်တော့မှ စကြားဘူးတာဘဲ။ အရင်က အမ်ပလီဖိုင်ယာမှာ ပါတာတော့ တွေ့ဘူးတယ်။

.

မန်ယူအားပေးခဲ့တဲ့ အချိန်ကပေါ့။ ဖိုင်နယ်မှာ ဘိုင်ယန်နဲ့ကန်တာ စောစောကတည်းက တဂိုးရှုံးနေ၊ ခြေကလည်း မမှီလို့ စိတ်ပျက်ပြီး ကြည့်နေတုံး (အခုချိန်ဆို အိပ်ပြီ) နောက်ဆုံးမိနစ်မှ ချေပဂိုးရ၊ အင်ဂျူရီတိုမ်းမှာ ဆူပါဆဘ် ဆိုရှားက အနိုင်ဂိုးသွင်း၊ ယုံနိုင်စရာတောင် မရှိခဲ့။ ဖာဂူဆန်ရဲ့ ကစားသမားတွေအပေါ် ပရက်ရှာပေးနိုင်စွမ်းက နောက်ဆုံးခရာ မမှုတ်ချိန်အထိ သက်ရောက်ခဲ့တာ။

.

အဲ့ဒီပွဲမကန်ခင် မန်ယူက ပြည်တွင်း အဓိကနှစ်ဖလား ရထားပြီးပြီ။ နှစ်ဖလားကို ဒယ်ဘယ်လို့ သုံးတော့ သုံးဖလားကို ထရစ်ပယ်ဘဲ သုံးမယ်ထင်တာ။ ထရီဘယ်တဲ့။ အင်္ဂလိပ်တွေက အားကစားမှာ သုံးဆုရတာကို ထရီဘယ်လို့ သုံးမှန်း အဲ့ဒီအချိန်ကစ သိခဲ့ရတာပါ။

.

အဲ့ဒီအရင်က အင်္ဂလန်က ဘယ်ဘောသင်းမှ မထရီဘယ်ဘူးဘူး။ ဂျာမဏီနဲ့ စပိန်မှာတော့ ဘယ်ဘူးနိုင်တယ်။ သူတို့မှာက တသင်းလောက်ဘဲ ပတ်ဗိုလ်စွဲနေတော့ ပြည်တွင်းချန်ပီယံ ဥရောပ ချန်ပီယံလိဂ်ရရင် ဘယ်နိုင်တာကိုး။ အင်္ဂလန်မှာက ဒဘယ်ဖို့တောင် အတော်ခက်တာကလား။

.

နှစ်ထောင်ပြည့်နှစ်ကျော်တော့ လီဗာပူးက သုံးဆုရသေးတယ်၊ သူ့ပရိဿတ်က ထရီဘယ်လုပ်လို့ မန်ယူတွေက ​လှောင်ကြတယ်။ ထရီဘယ် မစစ်ဘူးလို့။ ဘာဘူရတာက FAကပ်ရယ်၊ လိဂ်ကပ်နဲ့ UEFAကပ် မလို့။ တကယ်ဆို လီဗာပူးက ပြည်တွင်းလိဂ် ချန်ပီယံလည်း (ဟိုစဥ်က) အများဆုံးရဘူးတယ်၊ ချန်ပီယံလိဂ်လည်း သုံးလေကြိမ်ရဘူးရက်နဲ့ မထရီဘယ်ဘူးတာ ရဖို့ ဘယ်လောက်ခက်လည်း ပြနေတာဘဲ။

.

ခုတော့ မန်ချက်စတာ နှစ်သင်း ထရီဘယ်ဘူးပြီဆိုတော့ မန်ယူ ကြွားလို့ မရတော့ဘူးပေါ့။ အင်္ဂလန်မှာ ဘောလုံးအသင်း အများဆုံးရှိတဲ့ လန်ဒန်မြို့က ဘယ်အသင်းမှ မရဘူးတာ အံ့ဩစရာ။ သေချာစဥ်းစားကြည့်တော့လည်း အံ့ဩစရာ မရှိ။ ချန်ပီယံလိဂ် ရဘူးတဲ့ လန်ဒန်အသင်း ချယ်ဆီးဘဲ ရှိတာ။ ဒါတောင် နောက်ပိုင်း ရုရှသဌေးခေတ်မှ ရဘူးတာ။ သဌေးလည်း မရှိတော့ရော ချယ်ဆီးက ပြည်တွင်းမှာတောင် ငုတ်တုပ်။

01 June 2023

မြန်မာတစ်ငှက် တံဆိပ်ခေါင်း၊








 မြန်မာဒေသရင်း ငှက်မျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးစ်ရဲ့ နဝမမြောက်ခေါင်းအဖြစ် ''မြန်မာတစ်''ငှက်ပုံနဲ့ ဒီနေ့ထွက်တယ်။ ငှက်အမည် အင်္ဂလိပ်လို ''Burmese Tit'' ပါ။ ဒီစီးရီးစ်က ကိုးလုံးထုတ်မှာဆိုတော့ နောက်ဆုံးခေါင်းပါ။ စီးရီးစ်အတိုင်း ၂၀၀ ကျပ်တန်ပါ။ FDC နဲ့ brochure လည်းထုတ်ပါတယ်။ ၄၀၀ ကျပ်စီပါ။

.

ပုံမှာ Myanmar Post facebook က မူရင်းပုံနဲ့ ယှဥ်ပြထားပါတယ်။ အပြစ်ပြောတယ် ဖြစ်မစိုးလို့ မပြောတော့ပါ။ ကိုယ့်ဖာသာ ဆုံးဖြတ်ကြပါတော့။

.

ဒီတခေါက် ငှက်စီးရီးစ်မှာ မူလဒီဇိုင်းများ အားလုံးကောင်းပါတယ်။ ငှက်ရွေးချယ်မှုကို သက်ဆိုင်ရာပညာရှင်တွေ ရွေးတာပါ။ brochure မှာ အမည်နဲ့တကွ ဖော်ပြထားပါတယ်။ ကျေးဇူးပါ။

.

စာတိုက်ဌာနရဲ့ ပုံနှိပ်မှုကတော့ အတော်ရှော်ပါတယ်။ ခေါင်းတိုင်းလောက် အရောင်မမှန်ပါ။ နှမြောစရာကောင်းပါတယ်။ ဒီခေတ် နိုင်ငံတကာ တံဆိပ်ခေါင်းတွေ ကြည့်လိုက်ရင် အရောင်ထွက်တောက်ပနေတာပါ။ ပုံနှိပ်နေရာ ပြောင်းသင့်ပါပြီ။ ဒီခေတ်ဒီအချိန် တံဆိပ်ခေါင်းအတု ထုတ်ကြမယ်လည်း မထင်တော့ကြောင်းပါ။ 

22 May 2023

မန်စီးတီးကို ​ဗိုလ်စွဲစေသူတဦး၊


 အင်္ဂလန်အင်္ဂလန် အဆင့်မြင့်တန်း ဘောလုံးပွဲမှာ မန်စီးတီးအသင်း တနေ့က ပွဲမကန်ရသေးခင် ဗိုလ်စွဲသွားပါတယ်။ အနီးကပ် အာစင်နယ်အသင်း ရှုံးပွဲတွေ့သွားလို့ပါ။ 

.

ဒီနှစ် ပွဲပြီးကာနီး လေးငါးပွဲအလိုအထိ မန်စီးတီး ဇယားထိပ် မရောက်သေးပါ။ အာစင်နယ်အသင်း သရေတွေနဲ့ ခြေချော်လာတော့မှ ကျော်တက်ရတာပါ။ မန်စီးတီး ဗိုလ်စွဲဖို့ လုပ်ပေးသူတွေထဲ အာကြီးလည်း ပါပါတယ်။

.

မန်စီးတီးအသင်း ပိုင်ရှင်တွေ၊ ပရိဿတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့ အားထုတ်ကြိုးစားမှုတွေလည်း အဓိကကျပါတယ်။ ဟာလန်းအပြင် အခြားကစားသူတွေ နာမည်တပ်ခြီးမွမ်းရရင်လည်း တသင်းလုံး ပါပါလိမ့်မယ်။

.

မန်စီးတီး ဗိုလ်စွဲဖို့ အရေးပါသူ နောက်တဦးကို နာမည်တပ်ပြောပါဆို စီးတီးကစားသမား အဟောင်း စတာလင်ပါဘဲ။ သူချယ်ဆီးသို့ ပြောင်းသွားလို့သာ မန်စီးတီး ဗိုလ်စွဲတာလို့ အတိအကျ ပြောလိုပါတယ်။ ရှင်းပြပါရစေ။

.

စတာလင် စီးတီးမှာကစားစဥ်က အဓိက ဂိုးသွင်းသူပါ။ ကျနော်ကတော့ ဘောဖြုန်းတာများလို့ မကြိုက်ပါ။ တခါတလေ တကိုယ်ကောင်းဆန်သလိုရှိပေမယ့် တခါတလေ သူ့စီကဘောထွက်လာလို့ အခြားသူတွေ သွင်းနိုင်တာလည်း ရှိပါတယ်။ သူသာရှိနေရင် ပစ်ပယ်လို့ မရပါ။ ပွဲထွက် ပေးကစားရပါမယ်။ အင်္ဂလန် လက်ရွေးစဥ်ကလည်း ဖြစ်နေသေးသကိုး။

.

သူမရှိတော့ အသစ်ခေါ်လိုက်သူ ဟာလန်းကို ပိုသုံးဖြစ်ပါတော့တယ်။ ကျန်တာက သမိုင်းဝင်ခဲ့ပါပြီ။ စံချိန်တင် ဟာလန်းရဲ့ဂိုးများနဲ့ မန်စီးတီး ဗိုလ်စွဲတာလို့ ပြောရပါမယ်။ စတာလင်သာ ရှိနေသေးရင် အလှည့်ကျပွဲထုတ်နေရတာနဲ့ ဟာလန်း ဒီလောက် အခွင့်အရေး ရမယ်မထင်ပါ။ ဒါကြောင့်မလို့ မန်းစီးတီး ဒီနှစ် ပရီမီးယားလိဂ်မှာ ဗိုလ်စွဲအောင် လုပ်ပေးသူတွေထဲ စတာလင်ကို ထိပ်ဆုံးထားသင့်ကြောင်းပါဗျာ။ 

04 May 2023

မျက်ခုံးဖြူငှက်ပြာခြောက် တံဆိပ်ခေါင်း၊


 



မြန်မာငှက်တံဆိပ်ခေါင်း စီးရီးစ်ရဲ့ အဌမမြောက်ခေါင်း ယနေ့ထွက်တယ်။ ငှက်နာမည် မျက်ခုံးဖြူငှက်ပြာခြောက်။ အရင်ခေါင်းတွေလိုဘဲ နိုင်ငံအမည် မြန်မာလို မပါ။ 

.

တံဆိပ်ခေါင်းတန်ဖိုးက ၂၀၀ကျပ်ပါ။ FDC နဲ့ brochure လည်းထွက်တယ်။ ၄၀၀ ကျပ်စီပါ။ ဒီနေ့ နေပြင်းလို့ထင်တယ်။ စာတိုက်မှာ လူရှင်းနေတယ်။ တံဆိပ်ခေါင်း စုသူအများစုက အသက်ကြီးပိုင်းတွေ ဖြစ်နေပြီ။ နေပူ မခံသင့်တော့။ ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။

.

တံဆိပ်ခေါင်းရဲ့ ပုံနှိပ်အရည်အသွေးက ထုံးစံအတိုင်းပါ။ မူလဒီဇိုင်းမှာကိုက အနီများပြီး အစိမ်းနည်းတယ်။ တံဆိပ်ခေါင်း ပုံနှိပ်တော့ ပိုနီသွားတယ်။ မူရင်းဒီဇိုင်းပုံနဲ့ ယှဥ်ကြည့်နိုင်အောင် တွဲတင်ပေးထားပါတယ်။ 

05 April 2023

ငှက်လက်မမြီးရှည်ညို တံဆိပ်ခေါင်း၊


 မြန်မာငှက်စီးရီးစ်ရဲ့ ခုနှစ်ခေါင်းမြောက်အဖြစ် ''မြန်မာငှက်လက်မမြီးရှည်ညို'' ပုံနဲ့  တံဆိပ်ခေါင်း ထွက်တယ်။ ငှက်ရဲ့ အင်္ဂလိပ်လို အမည်က Burmese Prinia တဲ့။ ဟိုအရင်က တွေ့ထားတဲ့ ငှက်တွေဆိုတော့ မူလအမည် Burmese ဘဲ သုံးရတယ်။ Myanmar လုပ်လို့ မရ။

.

တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ FDC နဲ့ အထိမ်းအမှတ်စာစောင်လည်း ထုတ်တယ်။ တခု ၄၀၀ ကျပ်စီ။ ဒီနေ့ ရန်ကုန် စာတိုက်ကြီးကို နာရီဝက်လောက် နောက်ကျရောက်ပေမယ့် FDC ဝယ်လို့ရသေးတယ်။ ပြည်ထောင်စုနေ့က ရှေ့က လေးငါးယောက် ရောင်းအပြီး ကုန်ပြီလုပ်တာ။

.

ဖေ့ဘုတ်က Myanmar Post မှာ တံဆိပ်ခေါင်း ထွက်မယ့်အကြောင်း ကြေညာတော့ ''ဟာ ဒီတခါ တံဆိပ်ခေါင်းက အရောင်ပိုမွဲသလိုဘဲ'' လို့ ထင်မိတယ်။ အရင်ပုံတွေထက် ပိုမွဲခြောက်သလိုဘဲလို့။ ဒါပေမယ့် တံဆိပ်ခေါင်းမြင်လိုက်တော့ ပိုပို မွဲခြောက်သွားပါတယ်။ ပုံမှာ ယှဥ်ကြည့်နိုင်ပါတယ်။ 

27 March 2023

ခေါက်ဆွဲ


 အရသာမြေပုံဆိုတဲ့ ဝက်ဆိုဒ်က ကမ္ဘာ့ အကောင်းဆုံး curry ဟင်း၃၉မျိုးရွေးတာ အများစုက အန္ဒိယနဲ့ ထိုင်းဟင်းပွဲတွေပါဘဲ။ မြန်မာဟင်း ကြက်သားဆီပြန်က နံပတ်၃၀။

.

နံပတ်တစ်က ထိုင်းဟင်းပါဘဲ။ နံပတ်သုံးကလည်း ထိုင်းမြောက်ပိုင်းမှာ နာမည်ကျော်​ေနတဲ့ ခေါက်ဆွဲပါတဲ့။ မြန်မာရဲ့ အုန်းနို့ခေါက်ဆွဲနဲ့ အတူတူပါ။  ဒါပေမယ့် ပါတဲ့အမယ်တွေမှာကြည့်ရင် ကြက်သားသာမက အမဲသား ဝက်သားတို့နဲ့လည်း ရနေပါပြီ။ ယူတုမှာကြည့်လိုက်ရတဲ့ ချင်းမိုင်က နာမည်ကြီး ခေါက်ဆွဲဆိုင်မှာ ပင်လယ်စာနဲ့ပါ ရနေပါပြီ။ နှစ်ရာချီအတွင်း မြန်မာက ပြောင်းလိုက်တာကတော့ အုန်းနို့အစား နွားနို့နဲ့ ချက်လိုက်တာရှိမယ်။

.

ဝက်ဆိုက်မှာ ဖော်ပြထားတာက ထိုင်းမြောက်ပိုင်းစာ ဆိုပေမယ့် မူရင်းကို အတိအကျ မသိပါဘူးတဲ့။ မြန်မာ လာအိုတို့မှာလည်း စားကြတော့ ဖြစ်နိုင်တာက ယူနန်ထဲက မူစလင်တရုပ်တွေဆီက ဆင်းသက်လာတာ ဖြစ်နိုင်တယ်တဲ့။ 

.

ခေါက်ဆွဲပါတဲ့အတွက် မူရင်းကတော့ တရုပ်စာဖြစ်မှာ သေချာပါတယ်။ သို့သော် ရေနဲ့ဂျုံ နယ်ထားတဲ့ dough ကြီးကို ခေါက်လိုက်ဆွဲလိုက် လုပ်လုပ်ပြီး စားလို့ရတဲ့ အမျှင်ဖြစ်အောင် လုပ်ထားတာမို့ ခေါက်ဆွဲဆိုတဲ့ အမည်ကတော့ မြန်မာအမည်ဘဲ ထင်တာပါဘဲဗျာ။

.

မကြာခင် ထိုင်းက သူတို့ရဲ့ အစားအစာ အနေနဲ့ ယူနက်စကို အသိအမှတ်ပြု မတင်ခင် ဦးအောင်နေရာယူကြည့်တာ။