08 July 2021

အင်္ဂလန် ယူရိုဖိုင်နယ်တက်ပြီ။


၅၅နှစ်ကြာ စောင့်ဆိုင်းအပြီးမှာ ဝင်ဘလေကွင်းကြီးမှာဘဲ အင်္ဂလန်ဘောသင်း ဖိုင်နယ်ရောက်လာပါပြီ။ ဖိုင်နယ်ပွဲကိုလည်း အီတလီနဲ့ ဝင်ဘလေမှာဘဲ ကန်မှာဆိုတော့ ၅၅နှစ်မှာ တဖလားဘဲ ရဖူးတဲ့ အင်္ဂလန် မျှော်လင့်လို့ရပါသေးတယ်။

.

မနေ့ညက ဒိန်းမတ်နဲ့ပွဲ တူး ဝမ်းနဲ့ နိုင်ပါတယ်။ မန်စီးတီးမှာကတည်းက မကြိုက်တဲ့ စတာလင်ကြောင့်ဘဲ အနိုင်ဂိုးတွေရတာပါ။ ပထမဆုံး တော်တော်ကောင်းတဲ့ ဖရီးကစ်နဲ့ ဒိန်းမတ်ကဦးဆောင်တယ်။ ဒီပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ ပထမဆုံး ပေးဂိုးပေါ့။

.

သူ့စတိုင်အတိုင်း ဂိုးသေချာပေါက်တွေ ဖြုန်းတီးနေတဲ့ စတာလင်ကြောင့်ဘဲ ဒိန်းမတ်နောက်တန်း အုံးဂိုးပေးရတယ်။ မသိရင် စတာလင်သွင်းသလိုပါဘဲ။ ကောင်းတာက လုပ်ပေးသွားတဲ့ ဆာကာပါ။ 

.

အချိန်ပိုမှာလည်း စတာလင်ကြောင့်ဘဲ ပင်နယ်တီရတယ်။ အုပ်စုပွဲမှာ ဂိုးမသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ကန်သွင်းတယ်။ ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ဘောကို ထပ်ကန်သွင်းသွားတာပါ။ လေးဂိုးရှိသွားပြီ။ ဖိုင်နယ်မှာ တဂိုးသွင်းမှ ဂိုးသွင်းများဆုံးဆုကို သုံးယောက်ပူးရမှာပါ။

.

ပရိဿတ် ခြောက်သောင်းကျော် လာကြည့်တာ မတ်စ်မတပ်သူ များပါတယ်။ ယူကေရဲ့ ၈၀%ကျော် ကာကွယ်ဆေးထိုးထားပြီးလို့ အေးဆေးနေပေမယ့် တနေ့ကို လူနှစ်သောင်းကျော် ဝူနေပါသေးတယ်။ 

.

မြန်မာပြည်မှာတော့ ကိုဗစ်နဲ့ ငစစ်နှိပ်စက်နေလို့ လူအများစု ဘောပွဲဘက် စိတ်မလှည့်နိုင်ကြပါ။ တောင်အမေရိက ကိုပါကပ်ဆို ကန်နေမှန်းတောင် မသိကြပါ။ ထုံးစံအတိုင်း ဖိုင်နယ်မှာ ဘရာဇီးနဲ့ အာဂျင်တီးနား ကန်မှာပါ။

.

အင်္ဂလန် ပရိဿတ်ဆိုတော့ ၅၅နှစ်မှာ အဓိကဖလား နောက်တလုံးရစေချင်ပါတယ်။ တဖက်က အီတလီအသင်းကလည်း သူ့စတိုင်အတိုင်း လှုပ်စိလှုပ်စိနဲ့ ဖိုင်နယ်တက်လာတော့ လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး။ 

.

ဂွတ်လပ် အင်္ဂလန်။

06 July 2021

ဝူဟန်ကိုဗစ် ဇူလိုင် ၆၊

 

ကိုဗစ်ကြောင့် သေဆုံးသူ လေးသန်းကျော်ခဲ့ပြီ။ #ဝူနာ ၁၈၅သန်း ပြည့်တော့မယ်။

.

အရင် အဖြစ်များခဲ့တဲ့ ယူအက်စ် အနောက်ဥရောပ ဘရာဇီး နဲ့ အန္ဒိယတို့မှာ သိသိသာသာကျသွားပြီ။ နာသူ သေသူ အများအပြားနဲ့ အလူးအလိမ့်ခံခဲ့ရတာပါ။ ခုမှ ဆေးနိုင်လာလို့ရယ်၊ သတိထားလာလို့ရယ် ဝူနှုန်းလျော့လာတာနေမှာ။

.

ဆိုးတာက ဒုအကျော့အထိ ထိမ်းနိုင်ခဲ့တဲ့ နိုင်ငံတွေမှာ အဖြစ်များလာတာပါ။ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ အဖြစ်များလာတယ်။ လာအို ကမ်ဘောဒီးယားနဲ့ ဗီယက်နမ်မှာပါ ရာချီဖြစ်နေတယ်။ အင်ဒို မလေး ဖိလစ်ပိုင်တို့မှာ တနေ့တနေ့ ထောင်ချိီသောင်းချီ ဝူနေတုံး။

.

ဆေးကတော့ ချမ်းသာတဲ့နိုင်ငံတွေမှာ လူဦးရေ တဝက်ထိုးပြီးကုန်ပြီ။ ဒါပေမယ့် ၈၀%နှုန်းကျော်ထိုးပြီးခဲ့တဲ့ ယူကေမှာ တနေ့ နှစ်သောင်းကျော် ပြန်ဝူနေတာ ဒယ်လ်တာမျိုးစိတ်ကွဲကြောင့်လို့ ဆိုကြတယ်။ ၁၉ရက်နေ့ကစလို့ လော့ဒေါင်းတွေ လျော့ပေးလိုက်ပြီ။ ကိုယ့်အသိနဲ့ကိုယ် ထိန်းကြတော့တဲ့။

.

ဆေးနှစ်ကျော့ထိုးပြီးသူတွေကို ဝူတာတွေ့နေရတယ်။ လက်ရှိထုတ်ထားတဲ့ဆေးတွေက မျိုးစိတ်ကွဲတွေအတွက်ပါ လုံလောက်တယ်တဲ့။ နှစ်ကြိမ်ထိုးထားသူတွေက ဝူရင်တောင် ရောဂါလက္ခဏာ ပြင်းထန်စွာမခံစားရတာ တွေ့ရတယ်တဲ့။

.

မြန်မာမှာတော့ အရမ်းပြန့်နေပြီ ယူဆပါတယ်။ ဆေးရုံတွေမှာ လက်မခံနိုင်တော့သလို ကုပေးမယ့်သူ၊ ကူညီပေးမယ့်သူလည်း မလုံလောက်တော့ပါ။ ဆရာဝန်အများအပြားကို အာဏာသိမ်းစစ်အစိုးရက ပုဒ်မ၅၀၅(က) တွေ တံဆိပ်ကပ်ထားတော့ ကုပေးချင်တောင် ဆေးရုံလာလို့ မရတော့ပါ။ ဆေးမကုရသေးခင် အဖမ်းခံရမှာကိုး။ 

.

ဝူနေသူအများလည်း ကိုယ့်ဖာသာဘဲ ကုနေရပြီ။ မဝူသေးသူတွေလည်း သတိထားနေကြပါ။ တနှစ်ကျော် ထိန်းလာရတာတွေကိုဘဲ ဆက်ထိန်းကြပါ။ စစ်အစိုးရအောက်မှာ စိတ်ချရတဲ့ကာကွယ်ဆေး အထိုးခံရဖို့ လုံးဝမဖြစ်နိုင်ဘူးလေ။ မဝူအောင် ဂရုပြုရမှာဖြစ်သလို ဝူလာရင်လည်း စိတ်ဓာတ်မကျဖို့ လိုပါတယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

30 June 2021

ဝူဟန်ကိုဗစ် ဇွန် သုံးဆယ်။



ကမ္ဘာမှာ ဝူဟန်ကိုဗစ်ကြောင့် #ဝူနာ နည်းလာတယ်ဆိုပေမယ့် မြန်မာနဲ့ အိမ်နီးချင်းတွေ မပါပါဘူး။ အရင် ဝူနာများတဲ့ ယူအက်စ် ဥရောပ ဘရာဇီးနဲ့ အန္ဒိယတို့မှာ သိသာစွာ လျော့လာလို့ပါ။

.

ဒါတောင် တနေ့ သုံးသိန်းကျော် ဝူနေပါသေးတယ်။ တနေ့ ခြောက်ထောင်လောက် သေဆုံးနေပါသေးတယ်။

.

ဥရောပမှာ အင်္ဂလန်မှာ အထိန်းနိုင်ဆုံးဖြစ်ခဲ့ရာက ခု တနေ့ကို နှစ်သောင်းအထိ ပြန်များလာခဲ့ပါပြီ။ လူဦးရေရဲ့ ၇၅%လောက် ကာကွယ်ဆေး ပကျော့ထိုးပြီးကြပြီ။ နောက်တိုးဝူနာတွေက ကိုဗစ်မျိုးစိတ်သစ်ကြောင့် ဖြစ်တာလို့ဆိုကြပြီး ကာကွယ်ဆေးက ထိန်းနိုင်တယ်လို့တော့ ပြောကြပါတယ်။

.

ကမ္ဘာ့နိုင်ငံ အများစုမှာလည်း လော့ဒေါင်းတွေ ဖွင့်လိုက်ပိတ်လိုက်ပါ။ အမြဲပိတ်ထားဖို့က စီးပွားရေးပြဿနာက ရှိသေးတာကိုး။ ကာကွယ်ဆေးထိုးလာနိုင်တာနဲ့အမျှ ကမ္ဘာကြီးပြန်ပွင့်လာမှာပါ။ ဒီနှစ်ကုန်လောက် ဖြစ်နိုင်မယ်။ 

.

အရှေ့တောင်အာရှမှာ ခုမှ ကာကွယ်ဆေး စရကြလို့ ထိုးရတာပါ။ ထိုင်းမှာ ဆေးလာထိုးသူ ထင်တာထက်နည်းနေလို့ ဆော်ဩနေရတယ်။ ဖိလစ်ပိုင်သမတကတော့ ဆေးမထိုးသူ ဖမ်းမယ်ဆိုဘဲ။ အင်ဒိုမှာ တရုပ်ကာကွယ်ဆေး ထိုးထားပြီးသူ ဆရာဝန် ၁၂ယောက် အသက်ဆုံးခဲ့ပြီတဲ့။

.

မြန်မာပြည်မှာ တနေ့ကို တထောင်ကျော် ဝူလာပါပြီ။ ဒါ ဆေးရုံတွေပိတ်လို့ စစ်မပေးနိုင်တဲ့ အနေအထားမှာ တွေ့တာပါ။ အပြည့်စစ်နိုင်ရင် သောင်းချီနေလောက်ပါပြီ။

.

အာရှနိုင်ငံတွေထဲ ဦးဆုံး ကာကွယ်ဆေးရခဲ့တဲ့ မြန်မာနိုင်ငံ၊ အခု ထပ်မရတော့ပါဘူး။ အပြင်ထုတ်မရောင်းတဲ့ ကာကွယ်ဆေးကို ပြင်ပဆေးရုံတွေ ဝယ်ထိုးခွင့်ပြုတယ်ဆိုတော့ တရုပ်နဲ့ရုရှဆေးဘဲ ရမယ်ထင်တယ်။ 

.

ကိုဗစ်ကုသဖို့ စင်တာတွေလည်း အလုံအလောက် မရှိနိုင်ပါ။ စစ်အာဏာသိမ်းအစိုးရဟာ ဝူဟန်ကိုဗစ်ကို ကာကွယ်ကုသဖို့ စေတနာလည်း ရှိဟန်မတူပါဘူး။ ရှိခဲ့ရင်လည်း ဆေးဝယ်ဖို့ပိုက်ဆံ လုံလုံလောက်လောက် ရှိမယ် မထင်ပါ။ ရှိခဲ့ရင်လည်း ရောင်းမယ့်သူ ရှိမှာမဟုတ်ပါ။ အဆက်အသွယ်ရှိ ပိုက်ဆံရှိတဲ့ နိုင်ငံတွေတောင် ဆေးလုဝယ်နေရတဲ့ အခြေအနေပါ။

.

ဒီတော့ လူအများစု ရောဂါပီးတဲ့အဆင့် herd immunity ရောက်အောင် အသက်တွေရင်းပြီး ဖြတ်ကျော်ရဖို့ ဖြစ်နေတယ်။ ကိုယ့်ဖာသာကို ဂရုစိုက်ကြမှ တော်ကာကျမယ်။ တနှစ်ကျော်လုပ်လာတဲ့ မတ်စ်တပ်၊ လက်ဆေး၊ လူကြားထဲ တတ်နိုင်သမျှ မသွားတာတွေ ဆက်လုပ်ကြရလိမ့်မယ်။

.

ဝူဟန်​ေဘးကင်းဝေးကြပါစေ။

15 June 2021

ဝူဟန်ကိုဗစ် ဇွန် ဆယ့်ငါး။

 

ကမ္ဘာမှာ #ဝူနာ ၁၇၇သန်း ကျော်သွားပြီ။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်း သိသိသာသာကျနေတယ်။   အဖြစ်များခဲ့တဲ့ ဥရောပနဲ့ တောင်မြောက် အမေရိကဘက်မှာ ကျလာလို့ပါ။ သို့သော် အချို့န ိုင်ငံတွေမှာ ဝူနှုန်းမြင့်နေဆဲပါ။ သေနှုန်းလည်း သိသာစွာကျပါတယ်။

.

အမေရိကန်ဆို မနေ့က ရှစ်ထောင်ဘဲ ဝူပါတယ်။ ခရီးသွားခွင့်တွေ မတ်စ်တပ်ဖို့မလိုတာတွေ များစွာလျော့ပေးလိုက်ပြီ။ ခုချိန်မှာ လူကြားထဲ မတ်စပ်တပ်သူကိုတောင် ဆေးမထိုးတဲ့ ငကြောင်ဆိုပြီး ဟားနေကြသူရှိသတဲ့။ မတ်စ်တပ်တဲ့ကိစ္စနဲ့ စူပါမားကက်တခုမှာ လူသေတဲ့အထိ သေနတ်ပစ်မှု ဖြစ်ခဲ့တယ်။ 

.



အင်္ဂလန်မှာလည်း ဒီလ၂၁ရက်နေ့ လော့ဒေါင်းဖြုတ်မလား စောင့်နေတာ နောက်လ၁၉ရက်အထိ တိုးလိုက်လို့ ဝန်ချုပ်ကို ဟားနေပါတယ်။ ဒေတာတွေ ဘာပြောင်းမှာမလို့ ရွှေ့နေလည်းပေါ့။ တရက် ဝူနာသစ် တထောင်အထိ ကျလာတဲ့ အင်္ဂလန်၊ လူဦးရေရဲ့ ၈၀% ဆေးထိုးပြီးတဲ့ အင်္ဂလန် ဘာကြောက်နေလည်းပေါ့။ သို့သော် ဒေတာတွေအရတော့ တရက်၇၀၀၀ခန့် ပြန်ဖြစ်နေတာ လေးငါးရက်ရှိလာပြီ။

.

ဇူလိုင် ဩဂုတ် ဥရောပခရီးသွားချိန်အမှီ ေဖြလျော့မှုတွေ လုပ်နေပေမယ့် အောင်မြင်မယ်မထင်ပါ။ ဝင်ထွက်ခွင့်ပေးမယ့် နိုင်ငံစာရင်း သတ်မှတ်ဖို့ကို ခက်နေတယ်။ ဥရောပအပြင်က နိုင်ငံတွေတော့ သွားလာခွင့်နိုင်ငံစာရင်းထဲ မစဥ်းစားသေးပါ။

.

ကမ္ဘာ့နိုင်ငံ အများမှာ ကျပေမယ့် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေမှာ သိသာစွာ မကျသေးပါ။ မနေ့က ဝူနာသစ်နှုန်းနဲ့စီရင် ဇယားမှာ  မလေး ထိုင်းနဲ့ ဘင်္ဂလားဒေ့ တို့က ၁၅ ၁၆ နဲ့ ၁၇ အသီးသီး ရှိကြပါတယ်။ လူဦးရေနဲ့ စဥ်းစားရင် စလုံးမှာ တနေ့ဆယ်ဦးဝူတာ အန္ဒိယမှာ တနေ့သုံးသောင်း ဝူတာထက်ဆိုးပါတယ်။ ဗီယက်နမ်နဲ့ ကမ်္ဘောဒီးယားမှာကို နေ့စဥ်ဝူ ရာဂဏန်းတွေ့နေတုံး။

.



ဆေးထိုးပြီးသူတွေကို စစ်ကြည့်တဲ့ စစ်တမ်းတခုအရ နှစ်ကြိမ်ဆေးထိုးပြီးရင် ပီဖိုင်ဇာက ၉၆% စိတ်ချရပြီး အက်စတြာဇနက္ကက ၉၂% စိတ်ချရပါသတဲ့။ စိတ်ချရတယ်ဆိုတာ ဆေးရုံတက်ဖို့လောက် နေမကောင်းမဖြစ်တာလို့ တွေ့လိုက်တာဘဲ။

.

မြန်ပြည်မှာတော့ ကိုညစ်ကြောင့် ပြေးပြီလို့ပြောကြတဲ့ ကိုဗစ်ပြန်ထောင်လာပါပြီ။ တိကျတဲ့ လုပ်ဆောင်ပေးမှုတွေမရှိဘဲ ညွှန်ကြားလွှာထုတ်ရုံနဲ့တော့ ကျောင်းတွေပြန်မဖွင့်သင့်ပါ။ လှည်းကူးမှ ကျောင်းတကျောင်းမှာ ကျောင်းသားတဝက်ကျော် ဝူနေလို့ Qစင်တာ ပို့ရမလိုဖြစ်နေတယ်။ အပြင်ကို မပြန့်ဖို့ဆုတောင်းနေရတယ်။ နိုင်ငံအနှံ့အပြားမှာလည်း ပြောက်ကျား ဝူတွေ့တဲ့သတင်းတွေ တွေ့နေရပါတယ်။

.

ဖေ့ဘုတ်ကြည့်သူတွေကတော့ လှိုင်သာယာဘက်မှာ ဝူစင်တာဆောက်တာ ဓာတ်ပုံတွေ့ရမှာပါ။ မပြီးသေးပေမယ့် ဘယ်လိုမှ အရင်အစိုးရခေတ် စင်တာတွေကို မမှီနိုငိပါ။ နည်းပညာရော စေတနာပါ မှီဖို့မလွယ်ပါ။ ပြည်သူတွေရဲ့ ပူးပေါင်းကူညီပ့့ံပိုးမှုလည်း မရနိုင်တော့ပါ။ ဒီတော့ ဝူမဖြစ်အောင် ကိုယ့်ဖာသာ ဂရုပြုကြပါတော့။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

08 June 2021

ဝူဟန်ကိုဗစ် ဇွန် ရှစ်၊



ဂရဖ်မှာ မြင်တဲ့အတိုင်း ဧပရယ်လဆန်းက တဟုန်ထိုး ဒုအကျော့တက်ခဲ့တဲ့ကိုဗစ် ဇွန်လဆန်းမှာ တဟုန်ထိုး ပြန်ကျလာပါပြီ။ ကမ္ဘာ့နိုင်ငံ အားလုံးအတွက် ပြုစုထားတဲ့ ဂရဖ်ပါ။ စိတ်မကောင်းစရာကတော့ အဲ့ဒီကျတဲ့ နိုင်ငံတွေက  မြန်မာနဲ့ အိမ်နီးချင်းတွေ မဟုတ်တာပါဘဲ။

.

ဖြစ်ချိန်က တနေ့ကို သိန်းချီဝူခဲ့တဲ့ ယူအက်စ်၊ ဘရာဇီးနဲ့ အန္ဒိယမှာ သိသိသာသာကျသွားပါပြီ။ မနှစ်က ဥရောပမှာ ဆိုးခဲ့ပေမယ့် ခုတော့ထိန်းလာနိုင်ပြီ။ ပိုက်ဆံရှိတဲ့ နိုင်ငံတွေဆိုတော့ ဆေးထိုးနိုင်တာလည်း ပါမယ်ထင်ပါရဲ့။ 

.

ယူကေမှာတော့ တနေ့ တထောင်အထိ ကျပြီးမှ လေးငါးထောင် ပြန်ဝူလာလို့ စိုးရိမ်နေတယ်။ လူဦးရေရဲ့ ၇၀%ကျော် ပကျော့ထိုးပြီးကြပြီ။ အသက် ၂၉ကနေ ၂၅ အထိ ထိုးနိုင်ပြီလို့တောင် ကြေညာတာ တွေ့တယ်။ ဂျာမဏီမှာလည်း ဆေးထိုးဖို့ ဦးစားပေး အစီအစဥ် ဖျက်လိုက်ပြီး ဘယ်သူမဆို ထိုးလို့ရပြီတဲ့။ ပိုက်ဆံရှိတဲ့ နိုင်ငံတွေပင်လျှင် ကာကွယ်ဆေးရဖို့ လုံးပမ်းနေကြရတယ်။

.

မြန်မာနဲ့ အိမ်နီးချင်းတွေမှာတော့ ပြန်ဝူနေတယ်။ စလုံး မလေး ထိုင်း တရုပ်  ၊ ဘယ်နိုင်ငံမှ စိတ်မချရသေး။ စလုံး ထိုင်းနဲ့ မလေးမှာတော့ ဆေးထိုးနေကြပြီ။.မလေးမှာ ကောလဟလတွေကို တောနယ်အထိ လိုက်ရှင်းပြနေရတယ်။ ထိုင်းကတော့ ဒီလအတွင်း ပြည်တွင်းထုတ် အက်စတြာဇနက္ကဆေး ေခြာက်သန်းအထိ ထိုးပေးမယ်တဲ့။

.

အမေရိကမှာ ခရီးသွားလို့ရနေကြပြီ။ ဥရောပမှာ ခရီးသွားခွင့်ပြုမယ့် နိုင်ငံစာရင်း ထုတ်မယ်ဆိုတာ နိုင်ငံအလိုက် ရှုတ်ထွေးနေကြပုံဘဲ။.သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်ရှည် ခရီးသွားရာသီ စပြီကိုး။

.

ခရီးသွားလုပ်ငန်းကနေ နိုင်ငံဝင်ငွေ အများဆုံးရတဲ့ ထိုင်းကတော့ အကြံကြီးကြံနေတယ်။ ကမ္ဘာလှည့်တွေ လာနိုင်ဖို့ Phuket Sandbox အစီအစဥ်လုပ်မယ်။ လာလည်သူတွေ ကာကွယ်ဆေးထိုးပြီးရမယ်။ ပထမတပတ် (နှစ်ပတ်လည်းပြောပြန်တယ်) ဟိုတယ်Qစရာ မလိုဘူး။.ကျွန်းပေါ်မှာ လွတ်လပ်စွာ လည်နိုင်တယ်။ တပတ်ပြည့်ပြီးလို့ ဝူမတွေ့ရင် ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေ သွားနိုင်မယ်တဲ့။ ဟိုတယ်ခန်းထဲ qနေမယ့်အစား ကျွန်းqလုပ်ပေးလိုက်တာပါ။ ကျွန်းသားတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးရမှာပေါ့။.ခရီးသွားတွေအတွက် နာမည်ကျော်လေကြောင်းလိုင်းတွေကလည်း ဖူးခက်ကိုပြန်ဆင်းဖို့ စီစဥ်နေကြပြီ။

.

မြန်ပြည်မှာတော့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဝူသတင်းမှန် မသိရတော့။ တနေ့ကသတင်းတခုမှာ ဝူဆေး ၁.၉သန်း ထိုးပြီးပြီတဲ့။ ဘယ်သူတွေလည်း မသိရသလို နှစ်ကျော့ပြီးတဲ့ အရည်အတွက်လည်း မတွေ့ပါ။

.

ဝူကတော့ မြန်ပြည်ဒေသ အနှံ့အပြားကို ပြန်ရောက်လာပါပြီ။ ဒေသအများမှာ ပြန်​တွေ့လာနေပြီ။ သေချာ Qတဲ့သတင်းတွေလည်း မတွေ့မိ။ ဝူထက်ဆိုးတဲ့သူတွေစီဘဲ စိတ်ရောက်နေကြတယ်။.ဒီတခါ ဝူရင် ကွကိုဘဲကုရမယ့် သဘောရှိလို့ ဂရုတော့ စိုက်စေချင်ပါတယ်။ အနည်းဆုံး အပြင်ထွက်တိုင်း မတ်စ်တပ်ကြပါ။



ဝူဟန်ဘေးကင်းဝေးကြပါစေ။

28 May 2021

ဝူဟန်ကိုဗစ် မေ နှစ်ဆယ့်ရှစ်၊


#ဝူနာ ကမ္ဘာမှာ သန်း၁၇၀ ပြည့်တော့မယ်။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်းကျပေမယ့် ဖြစ်တဲ့နေရာတွေ ဖြစ်နေတုံးဘဲ။ အထူးသဖြင့် အာရှဘက်မှာ ကျတယ်လို့ပင် မပြောသင့်သေး။

.

အမေရိကားကတော့ သိသိသာသာ ကျတယ်။ ပွဲတွေလည်း ပြန်လုပ်နေကြပြီ။ သမတဘိုင်ဒဲန်က ကိုဗစ်ဘယ်ကစလည်း စုံစမ်းမယ်ဆိုလို့ တရုပ်ကြီး ပွစိစိဖြစ်နေပြီ။ ရိုးသားရင် အစစ်ခံရဲရမယ်လေ။ သူတို့အားကိုးတဲ့ WHO ကလည်း တရုပ်လုပ်မဟုတ်ဘူးပြောထားတာဘဲ။ ဖွဘုတ်ကတော့ ကိုဗစ်ကို လူလုပ်ဗိုင်းရပ်လို့ရေးရင် ပို့စ် မဖျက်တော့ဘူးတဲ့။ 

.

ဥရောပမှာ အများစုကျသော်လည်း တချို့နိုင်ငံတွေမှာ နေ့စဥ်သောင်းချီ ဝူနေတုံး။ ပြင်သစ်ဆို ခုထိ ထိန်းမရသေး။ လာမယ့်နွေရာသီ ခရီးထွက်ကြဖို့တော့ ပြင်နေကြတာဘဲ။ အများစုကတော့ ဆေးထိုးပြီးလောက်ကြပါပြီ။

.

ဩစတေးလျ ဗစ်တိုးရီးယားပြည်နယ်မှာလည်း လော့ဒေါင်းပြန်လုပ်ရတယ်။ ဂျပန်မှာ တိုကျို အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့လုပ်နေတယ်။ မနှစ်ကရွှေ့ထားတဲ့ တိုကျိုအိုလံပစ်လုပ်ဖို့ ပြင်ဆင်တာလည်း ပါလိမ့်မယ်။ ပြည်သူအချို့ကတော့ အိုလံပစ်ပွဲ ဖျက်ဖို့ ပြောလာကြပြီ။

.

အာဆီယံနိုင်ငံတွေမှာလည်း မထိန်းနိုင်သေး။ စင်ကာပူ မလေး ထိုင်းတို့မှာ ပြည်တွင်းကူးတွေတွေ့လို့ တားမြစ်နေရဆဲ။ ဗီယက်နမ် လာအိုနဲ့ ကမ်ဘောဒီးယားမှာလည်း ရာဂဏန်းအထိ တွေ့နေဆဲပါဘဲ။ ဧပြီလဆန်းလောက်က သုံးသောင်းလောက်ဘဲဝူတဲ့ ထိုင်းနိုင်ငံ၊ ခု မြန်မာပြည်နား ဇယားမှာကပ်နေပြီ။



အန္ဒိယမှာ ကျလာပြီဆိုပေမယ့် တနေ့ နှစ်သိန်းခန့် ဝူနေ။ ကူးစက်မြန်မျိုးစိတ်သစ်ဖြစ်လို့ အိမ်နီးချင်းတွေ စိုးရိမ်နေတုံး ချင်းပြည်နယ်မှာ စတွေ့ပြီ အသံထွက်လာပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအဖြစ် မနေ့က မြန်မာမှာ ၉၆ဝူ တွေ့တာ ချင်းဘက်က အများစုတဲ့။ အာဏာသိမ်းတာကို အပြင်းအထန်ခုခံနေလို့ အသွားအလာပိုခက်နေတဲ့ ချင်းပြည်နယ်အတွက် စိုးရိမ်စရာပါ။

.

မြန်မာပြည်ရဲ့ ကျန်ဒေသတွေလည်း ပြန်ဂရုစိုက်ကြပါအုံး။ ချင်းမှာတွေ့တာ အန္ဒိယမျိုးစိတ်လို့ (အန္ဒိယက အဲ့လိုသုံးတာ မကြိုက်ဘူး😁) တရားဝင်မပြောသေးပေမယ့် နယ်ချင်းထိစပ်နေတော့ ကူးစက်မြန်မျိုးစိတ်ဖြစ်ဖို့ သေချာပါတယ်။



မနှစ် ဒီအချိန်က စ လိုက်နာခဲ့ရတဲ့ မတ်စ်တပ်တာ၊ အပြင်ကပြန်လာ လက်ဆေးတာ၊ လူအများကြား မလိုအပ်ဘဲ  မသွားတာတွေ ပြန်သတိထားလုပ်ကြပါအုံး။ လူအများကြား မသွားတာ ဒီအချိန်မှာ ကြွပ်ကြွပ်အိပ်အမည်းဒဏ်လည်း မကြောက်ရတော့ဘူးလေ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

23 May 2021

ဝူဟန်ကိုဗစ် မေနှစ်ဆယ့်သုံး၊


 










ကမ္ဘာမှာ #ဝူနာ ၁၆၇သန်းကျော်ပြီ၊ ဝူကြောင့်သေတာ သုံးသန်းလေးသိန်းကျော်ပြီ။ နေ့စဥ်ဝူနှုန်း ကျလာပေမယ့် သေတာက တရက်တသောင်းကျော် ရှိနေဆဲ။

.

မနေ့က အမေရိကားမှာ တသောင်းကျော်၊ အင်္ဂလန်မှာ တထောင်ကျော်ဘဲ ရှိတယ်။ ဥရောပမှာ ပြင်သစ်ကများတုံးဘဲ။ ဘရာဇီးနဲ့ အန္ဒိယက ကျလာပေမယ့် တော်တော်သောင်းချီပါသေးတယ်။ ဝူက အာရှဘက် လှည့်နေတာများလား။

.

အိမ်နီးနားချင်း ထိုင်းမှာ နေ့စဥ် သုံးထောင်လောက်တွေ့နေတုံး။ မလေးက ခြောက်ထောင်လောက်ရှိတယ်။ ဝူကိစ္စ ထိန်းနိုင်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ ထိုင်ဝမ်မှာပင် နေ့စဥ်ရာချီဝူနေဆဲ။ အင်ဒိုနဲ့ ဖိလစ်ပိုင်မှာ စုပေါင်းဝူ တသန်းစီကျော်ခဲ့ပြီ။

.

အစိုးရတွေလည်း ကာကွယ်ဆေးအပေါ်  ပုံထားကြရပြီ။ အမေရိကန်မှာ အတော်များများ ထိုးပြီးပြီ။ ယူကေမှာ ပထမအကျော့ ၇၀%ကျော် ထိုးပြီးပြီ။ ဆင်းရဲတဲ့နိုင်ငံတွေမှာ အတော်ဝေးဆဲပါ။ ဆေးကို မယုံသူတွေရှိသလို ဆေးအမျိုးအစားကို မယုံသူတွေလည်း အများသားကလား။

.

ထိုင်းမှာ အစိုးရအစီအစဥ်နဲ့ ထိုးတဲ့ဆေး ထိရောက်ကြောင်း ကြေညာနေရတယ်။ ပိုက်ဆံရှိသူတွေက အပြင်ကဆေး ဝယ်ထိုးနေကြလို့တဲ့။ အာဖရိကမှ တောင်ဆူဒန်ကျတော့ တမျိုး။ ဆေး'ပကျော့ စထိုးတာ တလပြည့်ပြီ။ လူ၇၀၀၀ဘဲ အထိုးခံသတဲ့။ ဆေးတွေက နောက်နှစ်လဆို သက်တမ်းကုန်ပြီ။ ကျန်းမာရေး ဗဟုသုတနည်းတာပါသလို ဆေးထိုးခံရဖို့ မလွယ်တာလည်းပါမယ် ထင်တာဘဲ။

.

မလေး စင်ကာပူ ထိုင်းတို့မှာ ကျောင်းတွေပိတ်ရတယ်။ လူငယ်အများစုကို အန္ဒိယမျိုးစိတ် ဝူကကူးလွယ်လို့တဲ့။ အန္ဒိယက အန္ဒိယဝူမျိုးစိတ်လို့ မသုံးဖို့ ဆိုရှယ်မီဒီယာက သတင်းဌာနတွေကို ပြောသတဲ့၊ ကုလားမျိုးစိတ်လို့ သုံးပြန်ရင်လည်း မတ်ဘဇူကာက ထုအုံးမယ်။

.


 ဆေးကုမ္ပဏီတွေ အသက်၁၂နှစ်အထိ ထိုးနိုင်တဲ့ ကာကွယ်ဆေးထုတ်လာပေမယ့် ချမ်းသာတဲ့နိုင်ငံတွေမှာ အရင်ထိုးမှာဘဲလေ။ သူတို့နိုင်ငံတွေ နွေရာသီပိတ်ရက်အပြီး ကျောင်းတွေသို့ ကလေးတွေကို စိတ်ချလက်ချ လွှတ်ချင်ကြမှာကိုး။ 

.

မြန်မာနိုင်ငံဘဲ အေးတယ်။ ဝူလည်း ဘယ်ပြေးပြီလည်း မသိ။ စားသောက်ဆိုင်တွေ ပြန်ဖွင့်လာတာ နားလည်မှုနဲ့ပါတဲ့။ ဝူဟန်ဗိုင်းရပ်နဲ့ နားလည်မှုယူနိုင်တာ မြန်မာဘဲရှိကြောင်း WHO သိစေချင်တယ်။ ဝူနဲ့ပတ်သက်တဲ့ အမိန့်တွေ ရှိသေးလား၊ မရှိတော့ဘူးလား မသေချာ။ တက္ကသိုလ်တွေဖွင့်လိုက်ပြီ။ အခြေခံကျောင်းတွေပါ ဝူနားလည်မှုနဲ့ ဖွင့်ဖို့လုပ်နေပြီ။ ဘယ်သူက တာဝန်ယူမှာလည်း ဘယ်သူမှမသိ။