20 July 2025
ကျား(၃)မျိုး တံဆိပ်ခေါင်း၊
၂၀၂၂ စက်တင်ဘာလက ထုတ်ပြီးသော တံဆိပ်ခေါင်း၃လုံးကို ဘလောက်တံဆိပ်ခေါင်းအဖြစ် ပြန်ထုတ်တယ်။ ယခင်ထုတ်စဥ်က ''ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ် အထိမ်းအမှတ်'' ထုတ်ဝေခဲ့သော်လည်း ယခုတခေါက်ပြန်ထုတ်တော့ ''ကျား(၃)မျိုး'' တံဆိပ်ခေါင်းတဲ့။ မြန်မာရုရှ ချစ်ကြည်ရေးလိုလို တံဆိပ်ခေါင်းတွေလေ။ မူလခေါင်းတွေလောက် ဆေးရောင်မကောင်းပါ။ တခေါင်း ၂၀၀ကျပ် ဖြစ်သဖြင့် စုစုပေါင်း တရွက် ၆၀၀ကျပ်ပါ။ အထူးဖျက်တုံး ထုပေးပါတယ်။
.
ဘလောက် တံဆိပ်ခေါင်းတွေ ဆက်တိုက်ထုတ်နေတာ ကြိုဆိုပါတယ်။ သို့သော် အထူးထုတ် အထိမ်းအမှတ်ထုတ်အဖြစ် ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေကို ဘလောက်ပြန်တွဲထုတ်တာတော့ မတွေ့ဘူးသေးပါ။ အထူးထုတ် အထိမ်းအမှတ်ထုတ် ဆိုတာ သူ့နေ့စွဲနဲ့ သူ့ပွဲအတွက် တခါဘဲထုတ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီနေ့မှာ ဘလောက်တံဆိပ်ခေါင်းတွဲ တခါထဲထုတ်ချင်လည်း ထုတ်ပါ။
.
အရင်ထုတ်ခဲ့တဲ့ thematic ခေါင်းမျိုးကို တခေါင်းချင်းထုတ်ခဲ့ပြီးမှ ဘလောက်ထုတ်တာ အရေးမကြီးပါ။ အဲဒီခေါင်းတွေအတွက် နေ့စွဲက အရေးမပါ၊ သတ်မှတ်ချက်မရှိပါ။ Commemorative တံဆိပ်ခေါင်းတွေကျ ရက်စွဲက အရေးပါပါတယ်။ ထပ်မထုတ်သင့်ဘူးပေါ့။
.
အချို့နိုင်ငံတွေမှာ တခေါင်းချင်း မထုတ်ဘဲ ဘလောက်အဖြစ် တန်းထုတ်တာတွေလည်း တွေ့ဘူးပါတယ်။ တန်ဖိုးနည်း တံဆိပ်ခေါင်း အရွယ်သေးလေးတွေပါ။ သက်ဆိုင်ရာခေါင်းစဥ်တခုအောက်မှာ ပုံအမျိုးမျိုးနဲ့။ လှပါဘိသေးတော့။
.
အခုအတိုင်း ဘလောက်တွေ ဆက်ထုတ်မယ်ဆို လွတ်လပ်ရေးနေ့တိုင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၃လုံးတွေကိုများ ပြန်ထုတ်ကြဦးမှာလားဗျာ။ မသင့်တော်ပါဘူး။ နောက်ဆုံး တလုံးချင်းထုတ်ထားတဲ့ လိပ်ပြာစီးရီးကလည်း တလုံးပျက်ပြီး ၁၁ခေါင်းဖြစ်နေတော့ ဂွကျနေကြပြီထင်ပါရဲ့။
16 July 2025
787 ၊ အီလက်ထရွန်းနစ် ၊ ဝတ္ထု။
လေယာဥ်နဲ့ပတ်သက်တာ ရေးမလို့ပါ။ နည်းနည်းဘဲသိခဲ့ပြီး အခု အတော်များများမေ့ကုန်ပြီဖြစ်တဲ့သူ တယောက်အနေနဲ့ မရေးပါ။ အရမ်း အဖတ်များခဲ့တဲ့ ဝတ္ထုဖတ်သူတယောက် အနေနဲ့ ရေးမှာပါ။
.
လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်က ဘာသာပြန်တအုပ် ဖတ်ဘူးတာ ပြန်ပေါ်လာတာ။ ဗိုလ်မြင့် ဘာသာပြန်တာ မှတ်မိပေမယ့် စာအုပ်အမည် မမှတ်မိ။ မူရင်းဝတ္ထုနဲ့ ရေးသူအမည်တော့ဝေးရော။ နတ်မောက်တိုက်မှာနေတုံးက ဦးကျော်လှိုင်(ပိုက်) စီက ဖတ်တာတော့ မှတ်မိတယ်။ အဲဒီဆရာအိမ်မှာ စာအုပ်တွေ အများကြီးရှိခဲ့တယ်။
.
ဇတ်လိုက်က အမေရိကန် သမတတွေ သွားလေရာယူတယ်ဆိုတဲ့ ဘလက်ဘောက်လေး။ အဲ့အချိန်က အရမ်းဟော့ဖြစ်နေတဲ့ နျူကလိယားစစ်ပွဲဖြစ်ဖို့ အမိန့်ပေးနိုင်တဲ့ ဘလက်ဘောက်လေးပေါ့။
.
အဲဒီဘောက်က အချက်ပေးလိုက်ရင် လက်ခံပြီး ဆက်ဆောင်ရွက်မယ့် ရီဆီဗာစက်ခန်းက ပင်တဂွန်မှာ ထင်တယ်။ (နှစ်ကြာတော့ အတိအကျ မမှတ်မိပေမယ့် မူရင်းဇတ်လမ်း မထိခိုက်စေပါ။😆) အဲဒီအခန်းထဲမှာရှိတဲ့ ကွန်ပြူတာစက်ကြီးနားမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးက တနေ့ ညှော်နံ့လို့အနံ့ ရလိုက်တယ်တဲ့။ သူသေချာ လိုက်စစ်တော့ ဘာမှ မျက်မြင်ထူးခြားမှု မတွေ့ဘူး။
.
တကယ်က ကွန်ပြူတာကြီးထဲက ရီစစ္စတာလား၊ ထရန်စစ္စတာလား တခုလောင်သွားတာတဲ့။ (ဝတ္ထုနော် ဝတ္ထု၊ ကျော်လဲ လေးငါးတန်းလောက်ဘဲရှိတော့ ဒါတွေမသင်ရသေး 😄) ။ အဲဒီလိုလောင်ချိန်မှာ ကွန်ပြူတာကို ဘလက်ဘောက်က အနုမြူဗုံးကြဲဖို့ အချက်ပေးသလို ဖြစ်သွားတယ်တဲ့။ ကြဲရမယ့်နေရာက ဆိုဗီယက်ပြည်ထောင်စုမြို့တော် မော်စကို။
.
အချက်ပေးတာ ရရချင်း ရောပမှာရှိတဲ့ နေတိုးအဖွဲ့ရဲ့ လေပျံတွေ ထပျံကြတယ်။ မှားအချက်ပေးကြောင်း သိသိချင်းဘဲ ရေဒီယိုနဲ့ဆက်သွယ်ပြီး ပြန်ခေါ်တော့ တစီးကပြန်ခေါ်မရဘူး။ အဲ့ပိုင်းလော့ရဲ့ နားကြပ်ထဲကို ပြန်လာဖို့ အမေရိကန် ကာချုပ်အမိန့်ပေးသံ ဝင်လာချိန်မှာ သူ့ကို ဒီတာဝန်အတွက် လေ့ကျင့်ပေးတုံးက ဆရာတဦးပြောသံ ပြန်ကြားလာတယ်။ ''ဒီ အချက်ပေးသံရပြီးရင် မစ်ရှင်ခိုင်းတဲ့အတိုင်း လုပ်ရမယ်၊ ကြားမှာလာဖြတ်တိုက်မယ့် လေယာဥ်တွေလဲ လွတ်အောင်လုပ်သွားရမယ်။ ဘယ်လို ကြုံတွေ့တွေ့ မရပ်ရဘူး။ ကုန်ကုန်ပြောမယ်၊ အမေရိကန်သမတဆိုပြီး အမိန့်ပေးသံရရင်တောင် ဒါရုရှတွေ အတုလုပ်တာဖြစ်မယ်''
.
ဒါနဲ့ အဲ့ဒီပိုင်းလော့က ရေဒီယိုစက် ပိတ်ချလိုက်ပြီး ရုရှလေပျံတွေကို ကျော်လွှားပျံပြီး အနုမြူဗုံးကြဲချလိုက်တယ်။ အမေရိကန်သမတက အချိန်မှီဖုန်းဆက်ပြောလို့ ရုရှခေါင်းဆောင်ကြီး လွတ်သွားပေမယ့် မတော်တဆဆိုတာ ဘယ်လိုမှ မယုံဘူး။ ပြန်ပြီး အနုမြူဗုံးကြမယ်လုပ်တယ်။ အမေရိကန်သမတကဘဲ အနုမြူစစ်ပွဲမဖြစ်အောင် အမေရိကန်မြို့တမြို့ကို အမေရိကန်ကဘဲ ဗုံးပြန်ကြဲရင် ယုံမလားဆိုပြီး ကြဲပြလိုက်တယ်။ အဲ့မြို့မှာ ပထမလေဒီရောက်နေတုံးဆိုတော့ ဇတ်လမ်းလေးပေါ့လေ။
.
ဆိုလိုတာက အီလက်ထရွန်းနစ်ပစ္စည်းဆိုတော့ လူမလုပ်ဘဲ လုပ်သလိုဖြစ်သွားနိုင်တယ်ပေါ့။ အခု ပျက်ကျတဲ့ ဘိုအင်း787က ဘိုအင်းရဲ့ တစီးထဲသော fly by wire။ လေယာဥ်ရဲ့ ဖှန်ရှင်တော်တော်များများကို ကွန်ပြူတာတွေကတဆင့် ခိုင်းနေတာ။ ဒီတော့ မတော်တဆ၊ (အတော့ကို မဖြစ်နိုင်တဲ့ မတော်တဆဘဲ ထားပါ) ဝတ္ထုထဲကလို ဆီပိတ်တဲ့ အချက်ပေးမှု လုပ်ဆောင်လိုက်မိရင် အခက်သားကလား။ ပိုင်းလော့တွေ ဖှီဆီကယ်လီး မပိတ်၊ ခလုတ်တွေ နေရာမရွေ့ဘဲ ဒီဂျစ်တယ်ဆစ်ဂနယ်လေး အင်ဂျင်ထိန်းကွန်ပြူတာတွေစီ ရောက်သွားခဲ့ရင်....
.
ဒန်တန့်တန်။ လေယာဥ်အကြောင်း သိသူမဟုတ်။ ဝတ္ထုဖတ်သူတယောက် အနေနဲ့ ရေးမိတာပါလို့ ထပ်လောင်း သတိပေးပါရစေ။
09 July 2025
ဒေါ်နွယ်ထွမ်းအခွန်၊
သိတ်တော့ နားမလည်ပါ။ ပတ်လည်း မပတ်သက်ပါ။ သို့သော် ထင်တာတော့ ဝင်ပြောကြည့်အုံးမှ။
.
ဩဂတ်စ်တရက်နေ့ကစ မြန်မာ့ထုတ်ကုန်တွေကို ဒေါ်နွယ်ထွမ်းက ၄၀% အခွန်ကောက်မတဲ့။ အရင်က ဘယ်လောက်ကောက်လဲ မသိပါ။ မသိတာ ဒီကစပေမယ့် ဒီကိစ္စ မြန်မာနှစ်ခါနာတယ်လို့ ထင်မိလို့ပါဗျာ။
.
ဒေါ်နွယ်ထွမ်း ဆော်ချင်တာတော့ တုတ်ကြီးလို့ပြောတာဘဲ။ ဒါပေသည့် သီးသန့် ဒဲ့မဆော်ရဲတော့ ပတ်ဆော်တဲ့သဘောဘဲ။ တုတ်ကြီးရဲ့လုပ်ငန်းရှင်တွေ ပြင်ပနိုင်ငံမှာ ကုန်ချောသွားထုတ်ပြီး အဲ့နိုင်ငံရဲ့ပို့ကုန်အဖြစ် အမေရိကန်သို့တင်သွင်းတဲ့ နိုင်ငံတွေကို အခွန်သိသိသာသာ တိုးကောက်ပါတယ်။
.
ကြည့်ရတာ အမေရိကန်နဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ ကုန်သွယ်မှုဘဲလဲန့်စ်ကိုကြည့်ပြီး ဒေါ်နွယ်ထွမ်း ဆုံးဖြတ်လိုက်ပုံဘဲ။ အဲဒီမှာ မြန်မာပြည် ပအကြိမ် နာတာ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပို့ကုန်စာရင်းပေါက်ပေမယ့် တကယ်အကျိုးအမြတ် အများဆုံးရတာ တုပ်ကြီးတို့ကုမ္ပဏီ အများစုပါ။ မြန်မာတွေက လက်ခစားခသာ ရလိုက်တာပါ။ မြန်မာကုမ္ပဏီအနေနဲ့ တိုက်ရိုက်အကျိုးရှိသူ တစ်ရာခိုင်နှုန်းတောင် ရှိပါ့မလား။ အလုပ်သမားခသာ ရလိုက်တာပါ။
.
ဒုအကြိမ် နစ်နာတာက အမေရိကန်ပစ္စည်း မြန်မာပြည်သို့ သွင်းကုန်ကိစ္စ။ သွင်းကုန်နည်းနည်းဘဲ ရှိနိုင်ပေမယ့် အဲ့ဒီသွင်းကုန်ရဲ့ အများစုကို အခြားနိုင်ငံမှတဆင့် သွင်းတာ များမယ်။ အထူးသဖြင့် စလုံးကတဆင့်ပေါ့။ ဘာလို့လည်းဆိုတော့ ၈၈နောက်ပိုင်းကတည်းက ဆဲန်ရှင်ပိတ်ထားတော့ တိုက်ရိုက်ဆက်ဆံမှု မရှိတော့ဘဲ တနိုင်ငံငံ ခြားခံပြီးသွင်းနေရလို့လေ။ မြန်မာဝယ်တဲ့ အမေရိကန်ကုန်စာရင်း စလုံးဝယ်တဲ့ သဘောဖြစ်သွားလို့ စလုံးအတွက်ဘဲ အကျိုးရှိမှာပါ။
.
ဒီတော့ အမေရိကန် ကုန်သွယ်စာရင်းမှာ မြန်မာပြည်က အဝယ်နည်းပေမယ့် ပို့ကုန်တွေကျ အတော်ပို့သလို ဖြစ်နေမှာဘဲ။ ပုံပါဇယားနဲ့ သတင်းအချို့အရ ခန့်မှန်းရေးတာပါ။ ဖြစ်နိုင်တယ်ဆို ဒေါ်နွယ်ထွမ်းကို ပြောပေးကြပါအုံး။ 😎
Subscribe to:
Posts (Atom)