20 June 2025
ခေတ်အဆက်ဆက် ဘလောက်တံဆိပ်ခေါင်း၊
ယခင် တစုံနှစ်ခေါင်းစီ ထုတ်ထားပြီးတဲ့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းများကို ဘလောက်တံဆိပ်ခေါင်း အတွဲအဖြစ် ပြန်ထုတ်တယ်။ လောလောဆယ် တတိယမြောက် ဘလောက်တံဆိပ်ခေါင်းပေါ့။
.
မှင်ရောင်ပိုထည့်လို့လား၊ အနက်လိုင်း ပိုပေါ်လို့လားတော့ နားမလည်ပါ။ ပြီးခဲ့တဲ့ ဘလောက်တံဆိပ်ခေါင်းထက်တော့ အရောင်ပိုထွက်တယ်။ ၂၀၀ ကျပ်တန် ၁၂လုံးဆိုတော့ ဘလောက်တရွက် ၂၄၀၀ ကျပ်ကျပါတယ်။ အထူးဖျက်တံဆိပ်တုံးလည်း ထုပေးတယ်။
.
တခေါင်းစီထုတ်ထားတာ ဘလောက်ထုတ်မယ်ဆို နှစ်မျိုးကျန်သေးတယ်။ ငှက်တံဆိပ်ခေါင်းတွေက ၉လုံးဆိုတော့ သုံးတိုင်သုံးလုံးတန်း ထုတ်ရင်ရမယ်။ စိတ်ဝင်စားမိတာက လိပ်ပြာစီးရီးဘဲ။ ၁၂လုံး ထုတ်မယ်ကြားတာ အကြောင်းတခုခုကြောင့် တမျိုးမထုတ်တော့ ၁၁ခေါင်းကို ဘယ်လို ဘလောက်တွဲမလဲဆိုတာပါ။
.
မိမိတဦးထဲသဘောပြောရရင် မထုတ်ဖြစ်တဲ့ လိပ်ပြာခေါင်းပါတွဲပြီး ၁၂လုံး ဘလောက်သာ ထုတ်ပါ။ စုတဲ့သူ သိမ်းချင်တဲ့သူတွေကတော့ ဝယ်ကြမှာပါဘဲ။ တလုံးချင်း မထုတ်ဖြစ်လို့ ဘလောက်မထုတ်ရဘူးလို့ စည်းမျဥ်းရှိမယ် မထင်ပါ။ ကွာလတီလေးသာ ကောင်းအောင်လုပ်ပေးပါလို့ ပြောလိုကြောင်းပါဗျာ။
13 June 2025
ဘီး
ဒီနေ့ မြို့ထဲလျောက်ရင်း သတိရလို့ ဒီဘီးလေးဝယ်လိုက်တယ်။ ၅၀၀ ကျပ်တဲ့။
.
ဘဝမှာ ဒီဘီးက ဝယ်တာထဲ ပထမဆုံး မဟုတ်တောင် ဒုတိယ တတိယဘဲ။ ငယ်စဥ်က ခေါင်းဖီးလေ့ မရှိ။ လက်နဲ့သပ်ပြီး ကျောင်းသွားတာဘဲ။ အလုပ်ထဲဝင်တဲ့အထိ အိမ်မှာရှိတဲ့ဘီးနဲ့ ဖီးတဲ့အခါ ဖီးပါလိမ့်မယ်၊ သီးသန့် ဝယ်ဘူးတာမမှတ်မိ။
.
အလုပ်ထဲ သုံးလေးနှစ်လောက်ကြာတော့ ခရူအတူဆင်းတဲ့ ဘော်ဒါလေးက ''ခင်ဗျားဗျာ၊ အင်ဂျင်နီယာဖြစ်နေပြီ၊ ခေါင်းလေးဘာလေးဖီးပါအုံး'' ဆိုပြီး ဘီးတချောင်း ဝယ်လာပေးလေရဲ့။ လော့ကာထဲထားပြီး သုံးခဲ့တာ အလုပ်က ထွက်တဲ့အထိဘဲ။
.
ဒါဆို အိမ်မှာ ဘယ်ဘီးနဲ့ဖီးလည်း မေးစရာရှိတယ်။ အလုပ်ဝင်ပြီး သုံးလေးနှစ်ကစ တနှစ်နှစ်နှစ် တခါလောက် ဟိုတယ်တွေတည်းရတော့ ဟိုတယ်ရေချိုးခန်းထဲ ထားပေးတဲ့ဘီးတွေနဲ့ပါဗျား။ ပြန်ရင်ယူလာပြီး မပျက်မချင်းသုံးတယ်လေ။
.
အစောပိုင်းက ဟိုတယ်တံဆိပ်ပါရင် လိုလိုမလိုလို ယူသိမ်းသေးတယ်။ နောက်ပိုင်းကျ ပြည်တွင်းပြည်ပ အတော်များများမှာ တံဆိပ်မပါတော့ မလိုရင် ယူမနေတော့ပါ။
.
ကိုဗစ်နဲ့ကိုငြစ်ကြောင့် ခရီးမသွားဖြစ်တာ သုံးလေးနှစ်ဖြစ်တော့ ဖီးစရာ မရှိဖြစ်သွားတယ်။ ဒါနဲ့ အံဆွဲထဲလျောက်ရှာတော့ ကူမင်းဟိုတယ်တံဆိပ်နဲ့ ဘီးတချောင်းတွေ့တယ်။ ပထမဆုံးအကြိမ် ဖီးလိုက်တာနဲ့ ချွတ်ကနဲကျိုးတော့တာဘဲ။ နှစ်သုံးဆယ်ခန့် ရှိပြီကိုး။ ဒါနဲ့ အပြင်အန်ဆွဲထဲက တံဆိပ်မပါတာ ရှာတွေ့တာနဲ့ သုံးနေတာ ဘီးအဆန်လေးတွေ ကျိုးကုန်လို့ အသစ်ဝယ်ဖြစ်သွားတာပါ။
.
ပြောချင်တာက ခုမှလာတာ။ ကျော်က စီးပွားရေး စိတ်ပါသူဆိုတော့ စဥ်းစားမိတယ်။ ငါ ပလတ်စတစ်လုပ်ငန်းလုပ်ရင် ဘီးထုတ်လို့မဖြစ်ဘူး။ နှစ်သုံးဆယ်လောက်မှ တချောင်းဘဲ ဝယ်ဖို့လိုတဲ့ဟာမျိုးကြီး။ မဖြစ်ဘူး။ ဒီနေ့ တလက်စတည်း ဝယ်ဖြစ်တဲ့ ဘရပ်ရှ်ကမှ ၁၅၀၀ ကျပ်ပေးလိုက်ရသေး။ ဒီတော့ ထုတ်ချင်းထုတ် ဘရပ်ရှ်ဘဲ ထုတ်မှ။
Labels:
aplar,
idea,
JUST A THOUGHT,
just the joke,
ကျွန်တော်နဲ့,
စဥ်းစားမိ,
အာပလာ
Subscribe to:
Posts (Atom)